ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး ကာရန်ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စပိန်လာလီဂါပြိုင်ပွဲမှာ သွင်းဂိုး(၂၇)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် လာလီဂါပြိုင်ပွဲရဲ့ ဘောလုံးရာသီတစ်ခုအတွင်း ဂိုးအများဆုံး သွင်းယူနိုင်သူဆု ပီချီချီဆုကို သူရဲ့ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Marca

အသက်(၃၄)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘန်ဇီမာဟာ ရီးယဲလ်မှာ ခရစ္စတီယာနိုရော်နယ်လ်ဒို မရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့ သွင်းဂိုးတွေအတွက် အဓိက တာဝန်ယူနေရသူဖြစ်ပြီး မနှစ်က ဘောလုံးရာသီအတွင်းမှာလည်း ပြိုင်ပွဲစုံ (၄၄)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။ ကစားသမားဘဝအတွင်း ချန်ပီယံလိဂ် လာလီဂါ နေးရှင်းစ်လိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဘန်ဇီမာဟာ သူရဲ့လာလီဂါ ကစားသမားဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ လာလီဂါ ဂိုးသွင်းအများဆုံးဆု ပီချီချီဆုကိုတော့ ဒီတစ်ကြိမ်မှသာ စတင် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Real Madrid CF

ဘန်ဇီမာဟာ ၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်ကနေ လာလီဂါထိပ်သီးကလပ် ရီးယဲလ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးယဲလ်နဲ့အတူ လာလီဂါ ကစားသမားဘဝ (၁၃)ရာသီမြောက်အထိ ဖြတ်သန်းထားခဲ့ရာ ပြီးခဲ့တဲ့ ဘောလုံးရာသီမတိုင်ခင် လိဂ်သွင်းဂိုး (၂၄)ဂိုးအထိသာ သွင်းယူနိုင်ခဲ့ပြီး မနှစ်က ရာသီမှသာ (၂၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပီချီချီဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ပီချီချီဆုအပြင် လာလီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဒီစတီဖာနိုဆုနဲ့ ပရိသတ်တွေ ရွေးချယ်တဲ့ ဟွန်ဒိုင်းဆုကိုပါ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ရပါသေးတယ်။ ဒီလို တစ်ဦးချင်းဆုတွေကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ဘန်ဇီမာက “ကျွန်တော်ရဲ့အလုပ်အတွက် ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်။ ဒါက ကျွန်တော့်အတွက် အရမ်း အရေးကြီးတဲ့ ဆုတစ်ခုပါ။ အဲ့ဒီအတွက်လည်း ကျွန်တော့်အသင်းဖော်တွေကို ကျေးဇူးတင်မိပါတယ်။ သူတို့တွေသာ မရှိခဲ့ရင် ကျွန်တော်လည်း ဒီလိုဆုတွေ မရရှိနိုင်ပါဘူး။ အသင်းပရိသတ်တွေ အသင်းဥက္ကဌနဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနှစ်က ခက်ခဲတဲ့နှစ် ဖြစ်မယ်ထင်တယ်။ ကျွန်တော် အမြဲတမ်း ပိုလိုချင်ပါတယ်။ အခုထက်မကလည်း ပိုကြိုးစားသွားပါမယ်။ အဲ့ဒီထဲမှာ လာလီဂါဖလား ရယူတာတွေ ဂိုးတွေအများကြီး သွင်းယူတာတွေနဲ့ အရေးအကြီးဆုံးက ကွင်းထဲမှာ ကိုယ့်ကိုကိုယ် ပျော်ရွှင်နေတာတွေ ဖြစ်လာဖို့ ကြိုးစားသွားပါမယ်” လို့ ပြောဆိုလိုက်ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီအတွင်း သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကြောင့် ဘာလွန်းဒေါဆုကိုပါ ပိုင်ဆိုင်နိုင်ရဖို့ တော်တော်လေးကို အခြေအနေအကောင်းဆုံး ဖြစ်နေရပါတယ်။