ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ကာရန်ဘန်ဇီမာကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ဘောလုံးရာသီဝက်ဖြစ်တဲ့ ၂၀၂၁ခုနှစ်တာအတွင်းမှာပဲ ရီးယဲလ်အသင်းအတွက် လာလီဂါသွင်းဂိုး (၁၅)ဂိုး အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၂၀)အထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးကြီး ဘန်ဇီမာက ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပြီးတဲ့နောက်မှာ သူရဲ့ ရီးယဲလ်ကစားသမားဘဝ စုစုပေါင်း သွင်းဂိုးအရေအတွက်က (၂၉၉)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : The Times

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဘန်ဇီမာဟာ ၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်ကနေ ရီးယဲလ်ကို ရောက်ရှိနေတာဖြစ်ပြီး အသင်းအတွက် ဆယ်စုနှစ်တစ်ခုထိ ပါဝင်ကစားပေးခဲ့ရင်း အသင်းအတွက် (၅၈၂)ပွဲထိ ကစားပြီးနောက်မှာ ရီးယဲလ်အတွက် သူရဲ့စုစုပေါင်းသွင်းဂိုး အရေအတွွက်က (၂၉၉)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်ရဲ့ ၂၀၂၁ခုနှစ် ပွဲစဉ်တွေအားလုံး အဆုံးသတ်သွားပြီ ဖြစ်တာကြောင့် ၂၀၂၂ခုနှစ် နှစ်အစ ဂီတာဖေးအသင်းနဲ့ ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်မှာပဲ ဘန်ဇီမာရဲ့ သွင်းဂိုး(၃၀၀)ပြည့်ကို မြင်တွေ့လာရနိုင်ပါတယ်။ အဲ့ဒီကနေ နောက်ထပ် သွင်းဂိုး(၉)ဂိုးသာ ထပ်သွင်းနိုင်ခဲ့မယ်ဆိုရင် ရီးယဲလ်ရဲ့ တတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဒီစတီဖာနိုရဲ့ သွင်းဂိုး(၃၀၈)ဂိုးကိုပါ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Football Italia

တကယ်လို့သာ ဘန်ဇီမာအနေနဲ့ သွင်းဂိုး(၃၀၀)ပြည့်ပြီးနောက် နောက်ထပ် သွင်းဂိုး(၂၄)ဂိုးကိုသာ ထပ်မံသွင်းယူနိုင်မယ်ဆိုရင် ရီးယဲလ်ရဲ့ ဒုတိယသွင်းဂိုးအများဆုံး ကစားသမားကြီး ရာအူးရဲ့ စံချိန်ဖြစ်တဲ့ (၃၂၃)ဂိုးကိုပါ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးယဲလ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ စုစုပေါင်းသွင်းဂိုး (၄၅၁)ဂိုးကို ကျော်ဖြတ်ဖို့က ခက်ခဲနိုင်တာကြောင့် ၂၀၂၂ခုနှစ်မှာပဲ ဘန်ဇီမာအနေနဲ့ ရီးယဲလ်ရဲ့ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒီလို သွင်းဂိုးစံချိန်တွေအပြင် လာမယ့်နှစ်ထဲမှာပဲ ပွဲပေါင်း(၂၀)ထိ ပါဝင်ကစားခဲ့ပြီးတာနဲ့ ဘန်ဇီမာဟာ ရီးယဲလ်အသင်းရဲ့ ဆဌ္စမမြောက် ပွဲအများဆုံး ကစားထားတဲ့ ကစားသမားတစ်ယောက်အဖြစ်ပါ မှတ်တမ်းဝင်သွားဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ဘန်ဇီမာအနေနဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာပါ ရီးယဲလ်နဲ့ ဆက်လက် လက်တွဲဖြစ်ဦးမယ်ဆိုရင်တော့ အသင်းရဲ့ ပဥ္စမမြောက် ပွဲအများဆုံး ပါဝင်ကစားနိုင်သူပါ ဖြစ်လာနိုင်ပါတယ်။ ဒီလို စံချိန်တွေအပြင် ၂၀၁ဝခုနှစ် မက်ဆီ ရော်နယ်လ်ဒို ဆွာရက်ဇ်တို့သာ စိုးမိုးထားတဲ့ လာလီဂါ သွင်းဂိုးအများဆုံးဆု ပီချီချီဆုကိုပါ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ရယူနိုင်ဖို့့ အခြေအနေကောင်းလို့နေပါတယ်။