ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာဟာ ၂၀၂၂ခုနှစ်ရဲ့ Ballon d’Or ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပြီး ကစားသမားဘဝအတွင်း အမြင့်မားဆုံး တစ်ဦးချင်း အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် သူ့ရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ သူ့ဆီကို ဂုဏ်ပြုစကား ပြောဆိုထားခြင်း မရှိဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : BHAZ

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရီးယဲလ်အသင်းအတွက် ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတို့ကို ရယူပေးနိုင်ခဲ့သလို ပြင်သစ်အသင်းနဲ့လည်း UEFA Nation League ဖလားကို ဆွတ်ခူးခဲ့ပြီး တစ်ရာသီလုံးမှာလည်း ပြိုင်ပွဲစုံ (၄၆)ပွဲကစားပြီး (၄၄)ဂိုးအထိပင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် လီဗာပူးလ် ကစားသမားဟောင်း ဆာဒီယိုမာနေး မန်စီးတီး ကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းနားတို့ကို ကျော်လွန်ပြီး ၂၀၂၂ခုနှစ်ရဲ့ Ballon d’Or ဆုရှင် ဖြစ်လာခဲ့ရပေမယ့် သူနဲ့ အချိန်အတန်ကြာ တွဲဖက်ကစားခဲ့သူ ရော်နယ်လ်ဒိုကတော့ အသင်းဖော်ဟောင်း ဘန်ဇီမာကို ခုချိန်ထိ ဂုဏ်ပြုစကား ပြောဆိုထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo Credit : Irish Mirror

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ချိန်ကနေ ရီးယဲလ်က ထွက်ခွာချိန်ထိ (၉)နှစ်တာ ကာလတစ်လျှောက်လုံး ဘန်ဇီမာနဲ့ တွဲဖက်ရင်း ရီးယဲလ်တိုက်စစ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝ အတောက်ပဆုံးအချိန်တွေမှာ ရော်နယ်လ်ဒိုလောင်းရိပ် မိခဲ့ရတဲ့ ဘန်ဇီမာက ရီးယဲလ်မှာ ရော်နယ်လ်ဒို မရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့ တာဝန်တွေအတွက် အဓိကတာဝန်ယူခဲ့ရင်း သူရဲ့ ခြေစွမ်းပိုင်းတွေပါ ပိုမို ထက်မြက်လာခဲ့ပြီး နောက်ဆုံးတော့ ကစားသမားတိုင်း မက်မောတောင့်တတဲ့ ဆုတစ်ခုဖြစ်တဲ့ Ballon d’Or ဆုကိုပါ ပိုင်ဆိုင်လာခဲ့ရပါတယ်။ ဘန်ဇီမာ Ballon d’Or ဆုရှင် ဖြစ်လာတဲ့အခါ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးက ဘန်ဇီမာကို ချီးမွမ်းဂုဏ်ပြုစကားတွေ ပြောဆိုခဲ့ကြပေမယ့် သူ့အသင်းဖော်ဟောင်းလည်းဖြစ် Ballon d’Or ကို ဒုတိယမြောက် အကြိမ်ရေ အများဆုံးရယူထားသူလည်းဖြစ်တဲ့ ရော်နယ်လ်ဒိုကတော့ လက်ရှိအချိန်ထိ သူ့ကို ဂုဏ်ပြုစကား ပြောထားခြင်း မရှိသေးဘူးလို့ ဘန်ဇီမာက အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။