စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဖရန့်ဖတ်တို့ရဲ့ ဥရောပ စူပါဖလားပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဥရောပ စူပါဖလားပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အလာဘာ ၊ ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဖရန့်ဖတ်ကို အနိုင်ရကာ ဥရောပ စူပါဖလားကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ စူပါဖလားဟာ ဘန်ဇီမာရဲ့ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် အဖြစ် တရားဝင် တာဝန်ယူရချိန်မှာ ပထမဦးဆုံး ရရှိခဲ့တဲ့ ဆုဖလား ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

အသက် ၃၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာက လိုင်ယွန်ကနေ ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ကာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒို တယောက် အသင်းကနေ ထွက်ခွာသွားချိန်မှာတော့ အသင်းရဲ့ ဂိုးသွင်းစက် အဖြစ်ပါ စွမ်းဆောင်ပြထားသူပါ။

ဘန်ဇီမာက ရီးရဲလ်မက်ဒရစ် အတွက် ၁၃နှစ်ကြာ ကစားပေးခဲ့ရာမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၆၀၆ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၃၂၄ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဘန်ဇီမာက ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၂၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ရာအူးလ်ကို ကျော်ဖြတ်ကာ အသင်းရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို အရယူနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားသူက ဘန်ဇီမာရဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ပြီး ရိုနယ်ဒိုက ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄၅၀ဂိုး အထိ သွင်းယူထားနိုင်တာကြောင့် ဘန်ဇီမာအနေနဲ့ ရိုနယ်ဒိုကို ကျော်ဖြတ်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိဖို့တော့ မလွယ်ကူပါဘူး။