စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာရဲ့ ခြေစွမ်းပိုင်းကို အလွန်အမင်း သဘောကျနေတာကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာပဲ စာချုပ်သစ်တရပ် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၃နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး ဘန်ဇီမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် အခရာအကျဆုံး ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို အသင်းခေါင်းဆောင် ရာမို့စ် မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာလည်း အသင်းကို ဦးဆောင်မှု ပေးနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘန်ဇီမာကို စာချုပ်သစ် ချုပ်ဆိုဖို့ လိုလားနေတာ ဖြစ်ပါတယ်။

Photo Credit: AS English

ဘန်ဇီမာဟာ အသက် ၃၃နှစ် အရွယ် ရှိနေပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂၉ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ မလိုက်တဲ့ အံ့မခန်း ခြေစွမ်းကောင်းတွေကြောင့်ပဲ ပြင်သစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒက်ချမ့်ဟာ လာမယ့် ဇွန်လမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပြိုင်ပွဲရဲ့ လူစာရင်းထဲမှာ ဘန်ဇီမာကို ထည့်သွင်း ရွေးချယ်ခဲ့ပါတယ်။ ဘန်ဇီမာဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းထဲက ပြင်သစ်အသင်း အတွက် ပါဝင် ကစားခွင့် မရတော့တာဖြစ်ပြီး ယခုလို ပြန်လည် ရွေးချယ်ခံရတာဟာ သူ့အတွက် ကြီးမားတဲ့ ဆုလာဘ်တခုပဲ ဖြစ်ပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘန်ဇီမာကို လာမယ့် ရက်ပိုင်းအတွင်းမှာ ၂၀၂၃ခုနှစ် ဇွန်လအကုန် အထိ စာချုပ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ကမ်းလှမ်းတော့မှာ ဖြစ်ကာ ဘန်ဇီမာဟာလည်း ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆက်နေဖွယ်ရှိကြောင်း ဆိုပါတယ်။ လက်ရှိ ဘန်ဇီမာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ကြားမှာ ရှိတဲ့ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ ဘန်ဇီမာကို ၂နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ဘန်ဇီမာဟာလည်း သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန် ဖြစ်နိုင်တဲ့ ၃၅နှစ် အထိ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရှိနေဖို့ ဆန္ဒပြင်းပျနေကြောင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတွေက သတင်းဌာနတွေက ပြောပြထားပါတယ်။