MySport Myanmar

ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့်ပဲလို့ ကြုံးဝါး ပြောဆိုလိုက်တဲ့ ဘန်ဇီမာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီတို့ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်ကို ယနေ့ည ၂နာရီခွဲ အချိန်မှာ ပီအက်စ်ဂျီရဲ့ Parc des Princes ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းနှစ်သင်း ဖြစ်ကြသလို နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းကလည်း အကောင်းဆုံး အနေအထား တရပ်မှာ ရှိနေတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ် နှစ်ပွဲစလုံးက ပရိသတ်တွေကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်တွေကို လွဲချော်ထားတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ပီအက်စ်ဂျီနဲ့ ပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိနေပြီး ဘန်ဇီမာကတော့ သူ့ရဲ့ ဒဏ်ရာဟာ အရှင်း ပျောက်ကင်းခြင်း မရှိသေးပေမယ့် သူက ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီလို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။

Photo Credit: Standard

ဘန်ဇီမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်ပြီး အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေကြောင်းကို ဘန်ဇီမာက – “ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ကျွန်တော် အချိန်တွေ အများကြီး အသုံးပြုထားရပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ အခြေအနေက ပိုကောင်းလာပါပြီ။ ကျွန်တော်တို့တွေ လေ့ကျင့်ခန်း တခု ဆင်းပြီး ကျွန်တော် ကစားနိုင်မလား ၊ ဒါမှမဟုတ် မကစားနိုင်သေးဘူးလား ဆိုတာကို စစ်ဆေးကြည့်ပါမယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာပြီလို့ ထင်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပြည့်ဝဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အရာက ကိုယ့်ရဲ့စိတ်ထဲမှာ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေဖို့ပါပဲ။ ကျွန်တော်ကတော့ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ဒီပွဲက ကြီးကျယ်တဲ့ ပွဲကောင်းတပွဲ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်သာ ဒီပွဲကို ပါဝင် ကစားခွင့် ရမယ် ဆိုရင် အသင်းအတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version