ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာကာ ဆော်ဒီ ထိပ်သီးကလပ် အယ် အီတီဟတ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ဆော်ဒီလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်လာဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အယ် အီတီဟတ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး သူက အယ် အီတီဟတ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sports Glitz

ဆော်ဒီလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ အယ် အီတီဟတ် ၊ အယ် ဟီလယ် ၊ အယ် နက်ဆာ ၊ အယ် အတ်တီဖတ် စတဲ့ အသင်းတွေက ဘန်ဇီမာ ၊ ရိုနယ်ဒို ၊ နေမာ ၊ မာနေး ၊ ဖာမီနို ၊ ဟန်ဒါဆန် ၊ မာရက်ဇ် ၊ ကူလီဘလီတို့ အပါအဝင် ဥရောပရဲ့ ကြယ်ပွင့် ကစားသမား အများစုကို ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ခေါ်ယူနိုင်ခဲ့ပါတယ်။

ရိုနယ်ဒို ၊ ဘန်ဇီမာနဲ့ နေမာတို့ အပါအဝင် ဘောလုံးလောကရဲ့ ကြယ်ပွင့် ကစားသမား အများအပြား ရောက်ရှိလာမှုကြောင့် ပရိသတ်တွေက ဆော်ဒီလိဂ်ကို စိတ်ဝင်တစား စောင့်ကြည့် အားပေးလာကြသလို ဆော်ဒီလိဂ်ရဲ့ ဝင်ငွေကလည်း တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။

ဝင်ငွေ များပြားလာမှု ၊ နဂိုထဲက ဘဏ္ဍာရေးပိုင်း တောင့်တင်းမှုတို့ကြောင့် ဆော်ဒီကလပ်တွေက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာလည်း ဥရောပရဲ့ ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဆော်ဒီလိဂ်ဆီ ရောက်လာဖို့ နာမည်ကြီးနေတဲ့ ကစားသမားတွေကတော့ လီဗာပူးတိုက်စစ်မှူး ဆာလာ ၊ ဂျူဗင်တပ် ကွင်းလယ်လူ ပေါ့ဘာ ၊ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် စတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ကြယ်ပွင့် ကစားသမားတွေ စုဝေးရောက်ရှိလာမှုကြောင့် ဆော်ဒီလိဂ်ဟာ ကြယ်ပွင့်များ စုဝေးရာ ဘောလုံးလိဂ် တခု ဖြစ်လာပြီး ဘန်ဇီမာကတော့ ဆော်ဒီလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ဘန်ဇီမာက – “ဆော်ဒီလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်လာဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပါပြီ။ ဆော်ဒီကလပ်တွေမှာ အရည်အသွေး ပြည့်ဝတဲ့ ဘောလုံးသမားတွေ ဒီထက် ပိုများလာရင် ဆော်ဒီလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်လာပါလိမ့်မယ်။ ကြယ်ပွင့် ကစားသမားတွေ ခေါ်ယူနိုင်မှုက ဒီလိဂ်ကို ပိုပြီး တိုးတက်လာအောင် လုပ်ပေးနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။