လာမယ့်ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို သူတို့ရဲ့အလိုရှိဆုံးကစားသမားဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေသာ ပြောင်းရွှေ့ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ လက်ရှိရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ကစားနိုင်တယ်လို့ စပိန်နာမည်ကျော် သတင်းမီဒီယာ Don Balon ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၂၁)နှစ်အရွှယ် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဘာပေဟာ လာမယ့်ဘောလုံးရာသီမှာ ပီအက်စ်ဂျီကနေ အခြားသော ကလပ်အသင်းကြီးတစ်သင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လျက်ရှိနေသလို သူ့ကိုလည်း ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ လီဗာပူးလ်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေကြပါတယ်။ ရီးရဲလ်အသင်းကတော့ ဒီရာသီမှာ ကိုဗစ်ကြောင့် အသင်းစီးပွားရေးထိနေရတဲ့အပြင် အသင်းရဲ့အိမ်ကွင်းဘာနေဗျူးကိုလည်း ပြင်ဆင်နေရတာကြောင့် ကစားသမားသစ် ခေါ်ယူမှုအတွက် အသုံးစရိတ်ကို လုံးဝမသုံးစွဲပဲ လာမယ့်နှစ်မှသာ ကစားသမားတွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

Photo Credit : AS English

ရီးရဲလ်ဟာ ဒီရာသီမှာတော့ ခြေစွမ်းပိုင်း အနည်းငယ်လေးကျဆင်းနေရသလို ရလဒ်ပိုင်းတွေကလည်း မတည်မငြိမ် ဖြစ်နေရကာ မထင်မှတ်တဲ့ ပွဲစဉ်တွေမှာ ရလဒ်တွေ တိမ်းစောင်းနေရပါတယ်။ ဒါကြောင့် လာမယ့်နှစ် နွေစျေးကွက်အတွင်းမှာတော့ အသင်းအတွက် အကြီးဆုံးပြင်ဆင်မှုတွေကို လုပ်ဆောင်သွားတော့မှာဖြစ်ပြီး ဇီဒန်း ရော်နယ်ဒို ဖီဂိုတို့ခေတ်တုန်းကလိုမျိုး ထိပ်တန်းကြယ်ပွင့်ကစားသမားတွေနဲ့ ကြယ်စင်စုအဖွဲ့ကို တည်ဆောက်သွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာ ရီးရဲလ်အသင်းနဲ့ သတင်းအထွက်ဆုံးဖြစ်နေတဲ့ ကစားသမားတွေထဲမှာ ဘာပေက ထိပ်ဆုံးနေရာကနေ ပါဝင်နေပြီး ဘာပေကို မခေါ်ယူနိုင်ခဲ့ရင်လည်း ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ ဒီလို တိုက်စစ်ကစားသမားလေးတွေ ရောက်လာခဲ့မယ်ဆိုရင် အသင်းမှာ နေရာပျောက်ရဖွယ်ရှိတဲ့ တိုက်စစ်ကစားသမားဘန်ဇီမာအနေနဲ့ ရီးရဲလ်ကနေ ထွက်ခွာကာ သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ စပိန်မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဆက်လက်ဖော်ပြချက်မှာတော့ ဘန်ဇီမာရဲ့အသင်းသစ်ဖြစ်လာနိုင်ခြေရှိတဲ့ ကလပ်အသင်းတွေက လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။