လွန်ခဲ့တဲ့ (၆)နှစ်ခန့်တုန်းက လိင်ပိုင်းဆိုင်ရာ ဇယားရှုပ်ထားခဲ့တဲ့ Sex Tape ထွက်ပေါ်ခဲ့မှုကနေ ပြင်သစ်လက်ရွေးစင်အသင်းကနေပါ ဖယ်ရှားခံခဲ့ရတဲ့ တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာဟာ သူရဲ့အမှားတစ်ခုကြောင့် ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ကြီးကိုပါ လက်လွတ်ခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ ယူရိုပြိုင်ပွဲကြီးအတွက် ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရလို့ လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့တော့ အခွင့်အရေး ရှိနေသေးတာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ အရည်အသွေးပြည့်ဝလှတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး သူရဲ့ရီးယဲလ်မက်ဒရစ်အသင်းအတွက်ကိုလည်း အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီလို စွမ်းရည်တွေ ပြသထားနိုင်ခဲ့တဲ့ ဘန်ဇီမာကို ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေ့ရှောင့်က ယူရို-၂၀၂ဝပြိုင်ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ပြန်လည်ထည့်သွင်းလာခဲ့တာကြောင့် ဘန်ဇီမာအနေနဲ့ ပြင်သစ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ရပါတယ်။

Photo Credit : News Nation India 229

ဒီရက်ပိုင်းအတွင်းမှာပဲ လက်ရွေးစင်အသင်းပေါင်းများစွာ ပြိုင်ပွဲကြီးတွေမတိုင်ခင် အကြိုခြေစမ်းပွဲတွေကို ဆင်နွဲနေကြပြီး World Cup ချန်ပီယံ ပြင်သစ်အသင်းဟာလည်း သူတို့အသင်းလိုပဲ ယူရိုပြိုင်ပွဲကို ဆင်နွဲခွင့်ရထားတဲ့ ဝေးလ်စ်အသင်းနဲ့ ခြေစွမ်းပွဲကစားဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်အသင်းနဲ့ (၆)နှစ်တာလောက် ဝေးကွာနေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီမာက အသင်းရဲ့တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ကီလီယန်အမ်ဘာပေ အန်ထရန်ဂရီးဇ်မန်းတို့နဲ့ တွဲဖက်ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ဘန်ဇီမာဟာ ပထမပိုင်း ပွဲကစားချိန် (၂၇)မိနစ်ခန့်မှာပဲ ပင်နယ်တီပြစ်ဒဏ်ဘောကို ကန်သွင်းခွင့်ရပြီး အသင်းကို စတင်ဦးဆောင်ပေးနိုင်မယ့် အခြေအနေမှာ ရှိခဲ့ပေမယ့် ပင်နယ်တီကန်ချက်က လွဲချော်သွားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ပြင်သစ်အသင်းဟာ ကစားသမားတစ်ယောက်လျော့နေတဲ့ ဝေးလ်စ်အသင်းကို ဘာပေ ဂရီးဇ်မန်း ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ ပင်နယ်တီ လွဲချော်သွားခဲ့တဲ့ ဘန်ဇီမာကတော့ ဘာပေနေရာမှာ ဝင်ရောက်ကစားခဲ့တဲ့ ဒမ်ဘီလီရဲ့သွင်းဂိုးကို ဖန်တီးပေးသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘန်ဇီမာဟာ ပွဲချိန်ပြည့်ကို ပါဝင်ကစားသွားခဲ့ရပြီး ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် အသင်းအတွက် တတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။