ပြင်သစ် လက်ရွေးစင်အသင်းနဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာ ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ တချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ကျိန်းသေပေါက် ရောက်ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိမှာ ပြင်သစ် အင်အားကြီး ကလပ် ပီအက်စ်ဂျီအသင်းမှာ ကစားနေသူ ဖြစ်ကာ ကုန်ဆုံးသွားတဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ် မက်ဒရစ်အသင်းဟာ သူ့ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပါသေးတယ်။

Photo Credit: 90 Min

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကာလရှည် အဓိကပစ်မှတ် ကစားသမား တဦး ဖြစ်သလို အမ်ဘာပေကလည်း ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခွင့် ရဖို့ စိတ်ကူးအိမ်မက် ရှိကြောင်း အတိအလင်း ဝန်ခံထားသူပါ။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၂၂၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ သူတို့ရဲ့ အဓိက ကစားသမား အမ်ဘာပေကို လက်မလွှတ်ချင်တာကြောင့် ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

Photo Credit: 90 Min

လက်ရှိမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်နေသလို ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ပယ်ချထားကာ အမ်ဘာပေရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ ဘန်ဇီမာ ကတော့ အမ်ဘာပေဟာ အနာဂတ်မှာ ကျိန်းသေပေါက် ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဆိုသွားပါတယ်။

အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘန်ဇီမာက – “သူက တနေ့မှာ ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာမယ့်သူပါ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းမွန်သလို သူ့ကိုလည်း မက်ဒရစ်မှာ ကျွန်တော်နဲ့အတူ ရှိစေချင်ပါတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ ကျွန်တော် မသိနိုင်ဘူးလေ။ ဒါပေမဘ့် သေချာတာက အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမယ် ဆိုတာပါပဲ။ သူက အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် ကစားသမား ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ အာလုံးကို ပိုင်ဆိုင်ထားသူပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။