MySport Myanmar

ဒီရာသီအကုန်မှာပဲ ကစားသမားဘဝကနေ အနားယူသွားနိုင်တဲ့ ဘန်ဇီမာ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန် ဘန်ဇီမာကတော့ ဒီနှစ် ဘောလုံးရာသီအကုန်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူသွားနိုင်တယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Relevo ကနေ ဖော်ပြလာခဲ့ပါတယ်။

မနက်ဖြန်မှာပဲ အသက် (၃၇)နှစ် ပြည့်မြောက်တော့မယ့် ဘာလွန်းဒေါဆုရှင် ရီးယဲလ် မက်ဒရစ် ကစားသမားဟောင်းကြီး ဘန်ဇီမာက အခုဆိုရင် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနဲ့အတူ ဆော်ဒီလိဂ်မှာ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေပြီး ဒီရာသီကလည်း ဘန်ဇီမာအတွက်တော့ ကစားသမားဘဝ နောက်ဆုံးရာသီလည်း ဖြစ်သွားနိုင်ပါတယ်။

Photo Credit : Goal

လိုင်ယွန် လူငယ်အသင်းကနေ တစ်ဆင့် လိုင်ယွန် စီနီယာအသင်းအတွက် ကစားပေးရင်း ဘောလုံးသမားဘဝကို စတင်ခဲ့တဲ့ ဘန်ဇီမာဟာ လိုင်ယွန်မှာ (၅)ရာသီကြာ တောက်ပခဲ့ပြီးနောက် ၂၀၀၉မှာ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ကစားသမားဘဝရဲ့ အလှည့်အပြောင်းတစ်ခုပါ ဖြစ်လာခဲ့ပါတယ်။

ဘန်ဇီမာက ရီးယဲလ်အသင်းမှာ ဆယ်စုနှစ်ခွဲအထိ ဖြတ်သန်းခဲ့ပြီးတဲ့နောက် အသင်းအတွက် သွင်းဂိုးစုစုပေါင်း (၃၅၄)ဂိုးအထိ သွင်းယူပေးခဲ့သလို ချန်ပီယံလိဂ်ဖလား (၅)ကြိမ် ကလပ်ကမ္ဘာ့ဖလား (၅)ကြိမ် ဥရောပစူပါဖလား (၄)ကြိမ် လာလီဂါဖလား (၄)ကြိမ် ကိုပါဒယ်ရေးဖလား (၃)ကြိမ်နဲ့ စပိန်စူပါဖလား (၄)ကြိမ်အထိပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

Photo Credit : Eurosport

အသင်းနဲ့အတူ ဒီလို အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ဘာလွန်းဒေါဆုလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

လက်ရှိ အယ်လ်အစ်တီဟတ်အသင်းက ဒီရာသီ ဆော်ဒီပရိုလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်လို့နေပြီး ဘန်ဇီမာကပါ အသင်းအတွက် သွင်းဂိုး (၁၀)ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု (၃)ကြိမ် လုပ်ဆောင်ထားပါတယ်။ ဘန်ဇီမာအနေနဲ့ အယ်လ်အစ်တီဟတ်အတွက် ဒီရာသီမှာ ဆော်ဒီပရိုလိဂ် ချန်ပီယံ ဖြစ်လာအောင် အစွမ်းကုန် ကြိုးပမ်းပေးသွားဖွယ် ရှိနေပြီး ရာသီအကုန်မှာတော့ ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့လည်း ရှိနေပါတယ်။

Exit mobile version