အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပြီးတဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အင်အားအနည်းငယ် လျော့ကျသွားခဲ့သလို ခံစားလာခဲ့ရပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း အားနည်းလာသယောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဘက်ကနေကြည့်မယ်ဆိုရင်တော့ ရော်နယ်ဒိုရှိစဉ်အခါတုန်းက သူရဲ့လောင်းရိပ်ကိုမိနေခဲ့လို့ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားတွေကလည်း ရော်နယ်ဒိုမရှိတော့ချိန်မှာ သူတို့ရဲ့ခြေစွမ်းအမှန်တွေကို အကောင်းဆုံးချပြလာနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီလို ကစားသမားတွေထဲမှာတော့ ကာရန်ဘန်ဇီမာက ထိပ်ဆုံးနေရာကနေကို ပါဝင်လို့နေပါတယ်။ အသင်းရဲ့ဂိုးသွင်းစက်ကြီးမရှိတော့တဲ့နောက်မှာ အသင်းအတွက် သွင်းဂိုးတာဝန်ကို ပခုံးပြောင်း ထမ်းဆောင်လာခဲ့တဲ့ ဘန်ဇီမာဟာ မနှစ်က ဘောလုံးရာသီမှာပဲ အသင်းရဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေနိုင်ခဲ့သလို ဒီရာသီမှာလည်း အလားတူစွမ်းဆောင်ရည်မျိုးကို ထပ်မံပြသလို့ထားခဲ့ပါတယ်။ ဒီရာသီမှာလည်း ရီးရဲလ်အတွက် လာလီဂါသွင်းဂိုးအများဆုံး ရယူထားခဲ့တဲ့ တိုက်စစ်ကစားသမား ဘန်ဇီမာဟာ မနေ့ညက ကစားသွားခဲဲ့တဲ့ အိုအာစူနာအသင်းနဲ့ လာလီဂါပွဲစဉ်(၂၃)မှာတော့ ဂိုးရယူခဲ့ခြင်း မရှိခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးကိုတော့ သူကိုယ်တိုင်ဖန်တီးပေးသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဘန်ဇီမာဟာ ဒုတိယပိုင်းပွဲကစားချိန် ၈၄မိနစ်မှာ လူစားဝင်ကစားသမားလေး ဗက်ဇ်ကေး ဂိုးရအောင်ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဒီရာသီအတွင်း သူရဲ့ပြိုင်ပွဲစုံ ဂိုးဖန်တီးမှုက ၉ကြိမ်အထိကို ရှိလာခဲ့ပြီး ဒါဟာ ရီးရဲလ်ကစားသမားဘဝတလျှောက် ဂိုးဖန်တီးမှုက ၁၃၂ကြိမ်အထိကို ရှိလာခဲ့ရပါတယ်။ ပြင်သစ်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးဘန်ဇီမာဟာ လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်ကမှ လိုင်ယွန်ကနေ ရီးရဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ရီးရဲလ်ကစားသမား ၁၀နှစ်ကျော်အတွင်းမှာ ဂိုးဖန်တီးမှု ၁၃၂ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့်မို့ အသင်းသားဟောင်း ရော်နယ်ဒိုရဲ့ ဂိုးဖန်တီးမှု ၁၃၁ကြိမ်ကိုပါ ကျော်လွှားနိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံအတွင်း ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးဖန်တီးမှုပမာဏဖြစ်နေခဲ့ရပြီး လာလီဂါပြိုင်ပွဲတစ်ခုအတွင်းမှာဆိုရင်တော့ ရော်နယ်ဒိုကပဲ ရီးရဲလ်အတွက် ဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ဆက်လက်ရပ်တည်နေပြီး ဘန်ဇီမာအနေနဲ့ နောက်ထပ် ၁၀ကြိမ်ခံ ဆက်လက်ဖန်တီးနိုင်မှသာ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။