မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဗလင်စီယာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးနဲ့ ပွဲသိမ်းအနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာဟာ အခုဆိုရင် သူရဲ့ ရီးယဲလ်ကစားသမားဘဝမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်ပေါင်း (၃၀၀)ထိကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အတိအကျဆိုရင်တော့ (၃၀၁)ဂိုးအထိကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Marca

ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အသက်(၃၄)နှစ် ပြည့်မြောက်ထားခဲ့တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘန်ဇီမာဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် ပါဝင်ကစားပေးလာခဲ့ရာ အခုဆိုရင် သူရဲ့ ရီးယဲလ်ကစားသမားဘဝ ဘောလုံးရာသီ (၁၃)ရာသီမြောက်ကိုု ရောက်ရှိနေပြီဖြစ်သလို အသင်းအတွက်ကိုလည်း ပွဲစဉ်ပေါင်း (၅၈၄)ပွဲအထိကို ပါဝင်ထားခဲ့ရပြီ ြ့ဖစ်ပါတယ်။ အသင်းအတွက် ပွဲပေါင်း(၆၀၀)နီးပါးလောက်ထိကို ပါဝင်ကစားထားခဲ့ရတဲ့ ဘန်ဇီမာဟာ အခုဆိုရင် ရီးယဲလ်အတွက် သွင်းဂိုးစုစုပေါင်းကိုလည်း (၃၀၁)ဂိုးထိကို သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတလျှောက် တတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားနေရာကို ရောက်ရှိလာဖို့ပါ တဖြည်းဖြည်းနဲ့ နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Twitter

ဘန်ဇီမာဟာ လက်ရှိမှာ ရီးယဲလ်အသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုး(၃၀၁)ဂိုးနဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး နောက်ထပ်သွင်းဂိုး (၇)ဂိုး သွင်းယူလိုက်တာနဲ့ အဆင့်(၃)နေရာ ရှိနေတဲ့ ကစားသမားဟောင်းကြီး ဒီစတီဖာနိုရဲ့ စံချိန်ကိုပါ လိုက်မီနိုင်သွားမှာ ဖြစ်သလို အဆင့်(၃)နေရာကို ရယူသွားနိုင်ဖွယ် ရှိနေပါတယ်။ ဘန်ဇီမာဟာ အသက်အရွှယ် တဖြည်းဖြည်း ကြီးရင့်လာချိန်မှ သူရဲ့ဂိုးသွင်းစွမ်းရည်တွေပါ ပိုမိုကောင်းမွန်လာခဲ့ရတာဖြစ်ပြီး ပထမဆုံး ရာပြည့်သွင်းဂိုးကို (၅)နှစ်ခွဲနီးပါးမှ သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် နောက်ထပ် (၂)ရာပြည့်သွင်းဂိုးတွေကို (၄)နှစ်နဲ့ (၁၀)လအတွင်း အခု (၃)ရာပြည့် သွင်းဂိုးတွေကိုတော့ (၃)နှစ်နဲ့ (၂)လအတွင်းမှာပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေအပြင် ဒီနှစ်ဘောလုံးရာသီမှာ ဘန်ဇီမာရဲ့ လာလီဂါသွင်းဂိုး စုစုပေါင်း (၁၇)ဂိုးထိကို ရှိလို့နေပြီး ဂိုးသွင်းအများဆုံး စာရင်းမှာ ထိပ်ဆုံးကနေ ရှိလို့နေတဲ့အပြင် ဒုတိယနေရာက သူရဲ့ရီးယဲလ်အသင်းဖော် ဗင်နီစီယပ်စ်ထက် သွင်းဂိုး(၅)ဂိုးထိတောင် အသာစီး ရယူနေနိုင်တာကြောင့်မို့ ကစားသမားဘဝအတွင်း တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ လာလီဂါ ဂိုးသွင်းဘုရင်ဆု (ပီချှချီဆု)အတွက်ပါ အခြေအနေကောင်းလို့ နေပါတယ်။