အက်စတွန်ဗီလာအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)အတွင်းမှာ နှစ်ဖက်ကစားသမားတွေ မကြာခဏ အချင်းများခဲ့ပြီး ကိုယ်ထိလက်ရောက် ပြုမှုခဲ့တာတွေတောင် ရှိခဲ့သလို ပွဲပြီးဆုံးသွားချိန်မှာလည်း ဗီလာနောက်ခံလူကွန်ဆာကို ကန်ကြောက်မိခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ခရစ္စတီယန်ဘန်တီကီမှာလည်း ကွင်းလယ်ဒိုင်ရဲ့ တိုက်ရိုက်အနီကတ်ပြသခြင်းပါ ခံလိုက်ရတာကြောင့် လက်ကျန်ပွဲအားလုံးကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

ဗီလာအသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိပဲလေ့စ်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘန်တီကီဟာ ဗီလာအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ပွဲစဉ်အပြီး ဗီလာကစားသမားကွန်ဆာနဲ့ အချေအတင်ဖြစ်ခဲ့ရင်းနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က သူ့ကို အနီကတ်ပြသခဲ့ပါတယ်။ ဒီလို ပြစ်ဒဏ်ကြောင့် ဘန်တီကီဟာ ပဲလေ့စ်အသင်းရဲ့ လက်ကျန်ပရီးမီးယားလိဂ်(၃)ပွဲလုံးကို လွဲချော်ရတော့မှာဖြစ်သလို ဒီပွဲတွေအတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ပါ ပါဝင်လို့နေပါတယ်။

Photo Credit : South London Press

ဗီလာနဲ့ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာ နှစ်ဖက်အသင်းသားတွေအချင်းချင်း အချင်းများမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး အိမ်ရှင်ဗီလာဘက်က တိုင်ရုန်းမင်းစ်နဲ့ ဒေါက်ဂလပ်လုဇ်တို့ အဝါကတ်ပြခံခဲ့ရသလို ပဲလေ့စ်ဘက်မှာလည်း ဇာဟာ ဆာခို ကူယာတေး မီလီယိုချီဗစ်တို့ အဝါကတ်ပြခံခဲ့ရပြီး ပွဲပြီးခါနီးမှာလည်း နှစ်သင်းကြား ကတောက်ကဆတွေ ပိုမိုဖြစ်လာခဲ့ရာကနေ ဘန်တီကီပါ အနီကတ်ပြခံလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ ပဲလေ့စ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၁၄)နေရာမှာ ရပ်တည်လို့နေပြီး စုစုပေါင်းရမှတ်ကလည်း (၄၂)မှတ်အထိ ရှိနေကာ အဆင့်(၁၈)နေရာက ဘုန်းမောက်အသင်းနဲ့ (၁၁)မှတ်အထိ ကွာဟနေတာကြောင့် တန်းဆင်းဇုန်အန္တရာယ်ကနေ လုံးဝလွတ်မြောက်ထားခဲ့ပြီး အမှတ်မလိုအပ်တော့တာကြောင့် လက်ကျန်ပွဲတွေမှာ ဖိအားကင်းကင်းနဲ့ ကစားရနိုင်တာဖြစ်ပါတယ်။ ပဲလေ့စ်ရဲ့လက်ကျန်(၃)ပွဲမှာတော့ ယူနိုက်တက် ဝုလ်ဗ် စပါးအသင်းတို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပြီး အခုလို အသင်းရဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဘန်တီကီပါ ပွဲပယ်ခံရတော့မှာဖြစ်လို့ အသင်းရဲ့လူအင်အားပိုင်းမှာတော့ အနည်းငယ်ထိခိုက်ဖွယ် ရှိနိုင်ပါတယ်။