MySport Myanmar

(၈)လနားပြီး (၅)ပွဲကစား ပြီးတော့ (၂)လ ထပ်နားရဦးမယ့် ဘန်တန်ကာ

တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား ရိုဒရီဂို ဘန်တန်ကာဟာ အက်စတွန် ဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် နောက်ထပ် လအနည်းငယ် ထပ်မံ အနားယူသွားရတော့မှာပဲ ဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဂျုဗင်တပ်စ် ကစားသမားဟောင်း ဘန်တန်ကာဟာ စပါးအသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ လက်စတာအသင်းနဲ့ ပွဲစဉ်မှာပဲ ဒူးဒဏ်ရာဆိုးကြီး ရရှိသွားခဲ့တာကြောင့် (၈)လဝန်းကျင်လောက်အထိ အနားယူလိုက်ရပါတယ်။

Photo Credit : Eurosport

ဘန်တန်ကာဟာ သူရဲ့ ဒူးဒဏ်ရာကြောင့် ၂၀၂၂-၂၃ ဘောလုံးရာသီ လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်ခဲ့ရတဲ့အပြင် ဒီရာသီအစ စပါးအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ထားခဲ့ရပါသေးတယ်။ ဒီလို ကာလရှည်ကြာ အနားယူနေရတဲ့ ဘန်တန်ကာက အောက်တိုဘာလကုန်ပိုင်း ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာပဲ အသင်းအတွက် မိနစ်အနည်းငယ်ခန့် စတင် ပြန်ကစားလာနိုင်ခဲ့ပါတယ်။

ဒဏ်ရာကနေ သက်သာခါစသာ ရှိနေသေးတဲ့ ဘန်တန်ကာဟာ စပါးအသင်းရဲ့ ချယ်လ်ဆီး ဝုလ်ဗ်တို့နဲ့ ပွဲစဉ်အတွက်ရော အာဂျင်တီးနားနဲ့ ကစားခဲ့ရတဲ့ ဥရုဂွေးနဲ့ ပွဲစဉ်မှာပါ ဒုတိယပိုင်း ပွဲချိန်တွေထဲ ပါဝင်ကစားခဲ့ရင်း ဘိုလစ်ဗ်ီယားနဲ့ပွဲမှာ ပွဲထွက် ကစားခဲ့ရသလို ဗီလာနဲ့ပွဲမှာလည်း ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ရပါတယ်။

Photo Credit : Cartilage Free Captain

စပါးအသင်းအတွက် (၈)လအကြာမှ ပွဲထွက် ကစားသမားအဖြစ် ပထမဆုံး ကစားခွင့်ရခဲ့တဲ့ ဘန်တန်ကာဟာ အဲ့ဒီပွဲစဉ်မှာပဲ ကံဆိုးစွာနဲ့ ခြေချင်းဝတ် ထိခိုက်မိခဲ့ရာကနေ နောက်ထပ် (၂)လ ဒါမှမဟုတ် (၂)လခွဲလောက်အထိကို ထပ်မံ အနားယူသွားရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃)ပွဲဆက်တိုက်အထိ ရှုံးပွဲ တွေ့ကြုံထားရင်း အဆင့် (၅)နေရာထိပါ ရောက်ရှိနေရသလို အသင်းက အဓိက ကစားသမား တော်တော်များများဟာလည်း ဒဏ်ရာ ပြသာနာတွေ အသီးသီးနဲ့ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။

Exit mobile version