ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ အင်္ဂလန် နာမည်ကြီးကလပ် စပါးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ စပါးကနေ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ စပါးအတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ကာ သူနဲ့ စပါးရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်ကျော်သာ ကျန်ပါတော့တယ်။

Photo Credit: Standard

ဟယ်ရီကိန်းဟာ စပါးအတွက် မရှိမဖြစ် ကစားသမား တဦး ဖြစ်တာကြောင့် စပါးဘက်က သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပေမယ့် ဟယ်ရီကိန်းကတော့ သူ့ရဲ့ ကစားသမား ဘဝမှာ ဆုဖလား အောင်မြင်မှုတွေ မရသေးတာကြောင့် စပါးကနေ ထွက်ခွာပြီး ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာ ယူနိုက်တက်က လိုင်လီရဲ့ လူငယ်တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ် ၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန်နဲ့ ဟယ်ရီကိန်းတို့ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Standard

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဒါရင်းဘန့်က ဟယ်ရီကိန်းဟာ စပါးကနေ ထွက်ခွာပြီးနောက် အင်္ဂလန်မှာပဲ ဆက်လက် ကစားဖို့ ဆန္ဒရှိမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဟာ ဟယ်ရီကိန်း အတွက် အသင့်တော်ဆုံးအသင်း ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဒါရင်းဘန့်က – “တကယ်လို့ ဟယ်ရီကိန်းကသာ စပါးကနေ ထွက်ခွာပြီး အင်္ဂလန်မှာ ရှိတဲ့ အသင်းတသင်းဆီ ပြောင်းချင်တယ် ဆိုရင် ဘယ်အသင်းကို ပြောင်းမလဲ။ သူက စီးတီးဆီ ပြောင်းလို့ မရတော့ပါဘူး။ ဒီအချိန်မှာ သူ့အတွက် အသင့်တော်ဆုံးက မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ပါလိမ့်မယ်။ ယူနိုက်တက်က တိုက်စစ်မှူးသစ် တဦး လိုနေတာပါ။ ဒီတော့ ဟယ်ရီကိန်းသာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းသွားမယ် ဆိုရင် ဒါဟာ နှစ်ဖက်စလုံး အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခု ဖြစ်သွားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။