အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းတွေထဲက တဦး ဖြစ်သလို လက်ရှိအချိန်မှာ အချိန်ပိုင်း ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့် ကတော့ ယမန်နေ့မှာပဲ အူဘာမီယန်းကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခဲ့တဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ရမ်စဒဲလ်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အူဘာမီယန်းကို စည်းကမ်းပိုင်း လိုက်နာမှု အားနည်းချက်ကြောင့် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း ယမန်နေ့ညပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်သစ်ကို မြင်တွေ့ရဖွယ် ရှိနေပြီး ကွင်းလယ်လူ ချာကာ (သို့) တိုက်စစ်မှူး လာကာဇက်တို့က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူနိုင်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

အက်စ်တွန်ဗီလာအသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဒါရင်းဘန့်ကတော့ ချာကာ ၊ လာကာဇက်တို့ အစား အာဆင်နယ်အသင်း အနေနဲ့ နိုင်လိုစိတ် ပြင်းထန်တဲ့ ဂိုးသမား ရမ်စဒဲလ်ကိုသာ အသင်းခေါင်းဆောင်သစ် အဖြစ် ခန့်အပ်သင့်ကြောင်း Talksports သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ ဘောလုံးရေးရာ သုံးသပ်မှု အစီအစဉ် တခုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ဒါရင်းဘန့်က – “ကျွန်တော်ကတော့ အာဆင်နယ်အနေနဲ့ ရမ်စဒဲလ်ကို အသင်းခေါင်းဆောင် အဖြစ် ခန့်သင့်တယ်လို့ မြင်ပါတယ်။ တကယ်လို့ တီယာနေးသာ အပတ်တိုင်း ကစားခွင့် ရမယ် ဆိုရင် သူ့ကို အသင်းခေါင်းဆောင် အဖြစ် မြင်ချင်ပေမယ့် တီယာနေးသာ အပတ်တိုင်း ကစားခွင့် မရနိုင်ဘူး ဆိုရင် ရမ်စဒဲလ်ကသာ အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်သူပါ။ ဘာကြောင့်လဲဆိုတော့ သူက နိုင်လိုစိတ် ပြင်းထန်သလို ပွဲစဉ်တိုင်းကို ဝင်ရောက် ကစားရမယ့် တဦးထဲသောလူမို့လို့ပါ” လို့ အကြံပေးခဲ့တာပါ။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိတဲ့ အချိန်မှာပဲ နံပါတ်တစ် ဂိုးသမား နေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြခဲ့သလို ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာ ၉ပွဲမှာ ပေးဂိုး မရှိအောင် စွမ်းဆောင်ပြထားတဲ့ ပရိသတ် အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။