ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒါးရင်းဘန့် ကတော့ ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအနေနဲ့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆုံးရှုံးလိုက်ရရင် ချယ်လ်ဆီးမှာ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ ကစားသမား ဘဝ တိုးတက်ဖို့ အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းမယ်လို့ သတင်းကြီးနေသူပါ။

Photo Credit: Football London

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်းလို့ ဆိုရမယ့် မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဟယ်ရီကိန်းကတော့ ဆုဖလား ရဖို့ မသေချာတဲ့ မန်ချက်စတာ ယူနိုက်တက်ထက် တနှစ်ကို ဆုဖလား တလုံး သေချာပေါက် ရနိုင်တဲ့ မန်ချက်စတာ စီးတီးဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေကာ မန်ချက်စတာ စီးတီးက သူ့ကို မခေါ်ယူမှသာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ စဉ်းစားဖွယ် ရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဆိုပါတယ်။

စပါးအသင်းမှာ နှစ်ရာသီကြာအောင် ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ စပါးကနေ ထွက်ခွာသွားနိုင်ကြောင်း ခန့်မှန်းထားပြီး စပါးက ဟယ်ရီကိန်းကို ဆုံးရှုံးလိုက်ရရင် အသင်းရဲ့နည်းပြ ကွန်တီနဲ့ အဆင်ပြေတဲ့ ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူကို ပြန်လည် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

Photo Credit: Football London

ဒါရင်းဘန့်က – “ကွန်တီသာ ဆက်ရှိနေမယ် ဆိုရင် ဟယ်ရီကိန်းက စပါးကနေ ထွက်ခွာလိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် အဆိုးဆုံးကို ကြိုတွေးထားရင် ဟယ်ရီကိန်း တယောက် စပါးကနေ ထွက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့သာ စပါးက ဟယ်ရီကိန်းကို ဆုံးရှုံးလိုက်ရရင် လူကာကူကို ပြန်ခေါ်သင့်ပါတယ်။ လူကာကူက ကွန်တီရဲ့ လက်အောက်မှာ ဆိုရင် ဘယ်လောက်အထိ ခြေစွမ်းကောင်းလဲ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အားလုံးလည်း မြင်ပြီးပါပြီ။ ဒါကြောင့် တကယ်လို့ ဟယ်ရီကိန်းသာ မရှိတော့ဘူး ဆိုရင် ကွန်တီက လူကာကူကို ပြန်ခေါ်လိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။