ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာနဲ့ အင်္ဂလန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဒါရင်းဘန့်က မကြာသေးမီကမှ ဗီလာကနေ ထုတ်ပယ်ခံခဲ့ရတဲ့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း တဦး ဖြစ်သူ စတီဗင် ဂျာရတ်ကို ဆောက်ဂိတ်အလွန် အင်္ဂလန်အသင်းရဲ့ နည်းပြအဖြစ် မြင်တွေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်နဲ့ လီဗာပူးရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း စတီဗင် ဂျာရတ်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် စကော့တလန်ကလပ် ရိန်းဂျားရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရာမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို ရိန်းဂျားနဲ့အတူ စကော့တလန် လိဂ်ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။

Photo Credit: Bleacher Reports

ရိန်းဂျားနဲ့အတူ အောင်မြင်မှုတွေ ရခဲ့တာကြောင့်ပဲ ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာပဲ ဂျာရတ်ကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် အားကိုးတကြီး ခန့်အပ်ခဲ့ပြီး ဂျာရတ်ရဲ့ လက်အောက်မှာ အက်စ်တွန်ဗီလာရဲ့ ကစားကွက်ပိုင်းကလည်း သိသိသာသာ ကောင်းမွန်လာခဲ့ပါတယ်။

ဂျာရတ်ဟာ အက်စ်တွန်ဗီလာကို တိုက်စစ်အားသန် အသင်းတသင်း ဖြစ်လာအောင် ပြင်ဆင်ပေးနိုင်ခဲ့ပေမယ့် ကစားသမား အင်အားနည်းပါးမှုကြောင့်ပဲ လိုချင်တဲ့ ရလဒ်တွေ ရဖို့ ရုန်းကန်ခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင် ဗီလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၁ပွဲ ကစားခဲ့ရာ ၂ပွဲသာ အနိုင်ရခဲ့ကာ ၃ပွဲသရေ ၆ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီ ရလဒ်ဆိုးကြောင့်ပဲ ဗီလာဘုတ်အဖွဲ့က ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

Photo Credit: Bleacher Reports

ဗီလာရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဒါးရင်းဘန့်ကတော့ ဗီလာကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် ဂျာရတ်ရဲ့ အရည်အသွေးကို ယုံကြည်နေဆဲ ဖြစ်ပြီး ဒါရင်းဘန့်က ဂျာရတ်ဟာ ဆောက်ဂိတ် မရှိတော့တဲ့ အချိန်မှာ အင်္ဂလန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာသင့်ကြောင်း ပြောလာပါတယ်။

ဒါရင်းဘန့်က – “တကယ်လို့ ဂျာရတ်ကသာ အင်္ဂလန်နည်းပြနေရာ အတွက် လျာထားစာရင်းမှာ ပါဝင်လာမယ် ဆိုရင် ဒါက ကျွန်တော့်ကို အံ့ဩစေမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဂျာရတ်ဟာ အင်္ဂလန်နည်းပြ ဖြစ်သင့်တယ်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် အက်ဖ်အေက အင်္ဂလန်အသင်း အတွက် နည်းပြကို ရွေးချယ်တဲ့ နေရာမှာ အသင်းရဲ့ စနစ်အကြောင်းကို သိတဲ့ လူတွေကိုပဲ ရွေးချယ်လေ့ ရှိပါတယ်။ ဂျာရတ်က အင်္ဂလန်အတွက် ကစားပေးခဲ့သလို သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့သူပါ။ ဒါကြောင့် သူသာ အင်္ဂလန်နည်းပြ ဖြစ်လာရင် ကျွန်တော်က အံ့ဩမိမယ် မထင်ပါဘူး။ သူက တကယ်ကို တော်တဲ့ နည်းပြတွေထဲက တယောက်ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။