အင်္ဂလန် ချန်ပီယံရှစ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဘရန်ဖို့ဒ်အသင်းရဲ့ တောင်ပံ ကစားသမား ဘန်ရာမာဟာ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီရဲ့ နွေအပြောင်းအရွှေ့ဟာ ပိတ်သိမ်းသွားပြီ ဖြစ်ပေမယ့် အင်္ဂလန် ပြည်တွင်းမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ပရီးမီးယားလိဂ်ထက် နိမ့်ကျတဲ့ လိဂ်တွေက ကစားသမားတွေကို အောက်တိုဘာလ ၁၆ရက်နေ့အထိ ခေါ်ယူခွင့် ရှိသေးတာကြောင့် ဝက်စ်ဟမ်းအသင်း ဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ဘန်ရာမာကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၅နှစ်အရွယ် အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား ဘန်ရာမာဟာ ဘရန့်ဖို့ဒ်အသင်းထံ ၂၀၁၈ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၁.ရသန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းထံ ရောက်ရှိအပြီးမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာသူပါ။ ဘန်ရာမာဟာ ဘရန့်ဖို့ဒ်အသင်းအတွက် ၃နှစ်တာ ကာလ အတွင်းမှာ စုစုပေါင်း ၉၄ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုး ၃ဝဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ရကြိမ်ကိုလည်း ပြုလုပ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဝက်စ်ဟမ်းအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားကို မြှင့်တင်နိုင်ဖို့ အတွက် ဘန််ရာမာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

Photo Credit: Express

Sky Sports သတင်းဌာနရဲ့ အဆိုအရ ဝက်စ်ဟမ်းအသင်းဟာ ဘန်ရာမာကို ပြောင်းရွှေ့ကြေး ပေါင် ၃ဝသန်းနဲ့ ခေါ်ယူဖို့ အတွက် ဘရန်ဖို့ဒ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဘန်ရာမာ ဟာ ဝက်စ်ဟမ်းအသင်းနဲ့ အတူ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ လန်ဒန်မြို့ကို လာနေတယ် လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဘန်ရာမာကို ၅နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး ဝက်စ်ဟမ်း အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေဟာ ဘန်ရာမာကို ခေါ်ယူနိုင်တော့မှာ ဖြစ်တာကြောင့် အတော်လေး ကို စိတ်လှုပ်ရှားနေကြတယ် လို့ အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြား ထားကြပါတယ်။