ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် ၊ ချယ်လ်ဆီး ၊ လီဗာပူး စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့် နည်းပြကြီး ဘင်နီတက်ဇ်ကတော့ မကြာသေးမီကမှ တူဟယ်လ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ကာ ချယ်လ်ဆီးနည်းပြ ဖြစ်လာတဲ့ ဂရေဟမ် ပေါ်တာအနေနဲ့ ချယ်လ်ဆီးနည်းပြ ဘဝကို သူ့ရဲ့ အသင်းဟောင်း ဘရိုက်တန်ရဲ့ နည်းပြဘဝလို လွယ်ကူမယ်လို့ ထင်မနေသင့်ကြောင်း သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက ပရီးမီးယားလိဂ်ရဲ့ အသင်းငယ် တသင်း ဖြစ်တဲ့ ဘရိုက်တန်ကို ပရီးမီးယားလိဂ်မှာ ကစားရခက်တဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေကိုတောင် ဂိုးပြတ်နိုင်ပွဲ တချို့ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

ဒါကြောင့်ပဲ ချယ်လ်ဆီးပိုင်ရှင်သစ် တော့ပ် ဘိုလေက သူတို့အသင်းကို ရေရှည် ကိုင်တွယ်ဖို့ အတွက် ဂရေဟမ် ပေါ်တာကို အရင်းအနှီးကြီးကြီး သုံးစွဲကာ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ဂရေဟမ် ပေါ်တာဟာ လက်ရှိ အင်္ဂလိပ်လူမျိုး နည်းပြတွေ အနက် အကောင်းဆုံး နည်းပြအဖြစ် သတ်မှတ်ခံထားရတာကြောင့် ချယ်လ်ဆီးဟာ ပေါ်တာရဲ့ လက်အောက်မှာ အစွမ်းကုန် တိုးတက်လာလိမ့်မယ်လို့ ထင်ကြေးပေးထားသူတွေလည်း ရှိပါတယ်။

ဒါပေမယ့် ဘင်နီတက်ဇ်ကတော့ ဂရေဟမ် ပေါ်တာဟာ ချယ်လ်ဆီးမှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်နေပြီး အသင်းငယ် တသင်းကို ကိုင်တွယ်ရတာနဲ့ ချယ်လ်ဆီးလို အောင်မြင်မှုကို ဆာလောင်နေတဲ့ အသင်းကြီး တသင်းကို ကိုင်တွယ်မှုတို့မှာ ကြီးမားတဲ့ ခြားနားချက်တွေ ရှိကာ ပေါ်တာဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ကို ဦးစားပေး လုပ်ဆောင်ရလိမ့်မယ်လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Brief

ဘင်နီတက်ဇ်က – “ပေါ်တာက ဘရိုက်တန်မှာ အတော်လေး ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူပါ။ ခင်ဗျားမှာ အိုင်ဒီယာ တခု ရှိပြီး အဲ့ဒီ အိုင်ဒီယာကို အကောင်အထည် ဖော်ဖို့ အချိန်အလုံအလောက် ရရင် အောင်မြင်မှု တခုခုကို ရယူနိုင်မှာ အသေအချာပါပဲ။ ဒါပေမယ့် အသင်းငယ် တသင်းနဲ့ အသင်းကြီး တသင်းကို ကိုင်တွယ်မှုက အမြဲတမ်း ခြားနားလေ့ ရှိပါတယ်။ ကျွန်တော် ဥပမာ တခု ပြောပြမယ်။ လာလီဂါပြိုင်ပွဲမှာ ဂီတာဖေးလိုမျိုး အလယ်အလတ် အသင်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအသင်းတွေရဲ့ နည်းပြတွေက ဘယ်တော့မှ ဖိအားဒဏ်ကို မခံစားရပါဘူး။ အဲ့ဒီအသင်းတွေမှာ ဆိုရင် အဆင့်၈နဲ့ အဆင့် ၁၅ကြား ထဲမှာ ရှိတဲ့ ဘယ်အဆင့်ကိုပဲ ရရ ဘယ်လို ဝေဖန်မှုကို မခံရပါဘူး။ ဒီတော့ ခင်ဗျားက ကိုယ်ကြိုက်တဲ့ နည်းစနစ်ကို အမြဲတမ်း အသုံးပြုနေလို့ ရပါတယ်။ ဒီပွဲရှုံးသွားလည်း နောက်တပွဲက ခင်ဗျား အတွက် အဆင်သင့် ကျန်နေသေးတယ်လေ။ ဒါပေမယ့် ချယ်လ်ဆီးမှာတော့ သူက အဲ့ဒီလို အခွင့်အရေးမျိုး မရနိုင်ပါဘူး။ သူက နိုင်ပွဲတွေ လိုသလောက် မရခဲ့ရင် ဖိအားဒဏ်တွေ ခံရပါလိမ့်မယ်။ ဒါကြောင့် သူက ကစားပုံရော ၊ ရလဒ်ပိုင်းပါ တိုးတက်လာအောင် တပြိုင်နက်ထဲ လုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ သူ့ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူ့ကို နည်းပြတဦးအနေနဲ့ သဘောကျလို့ပါ” လို့ ပြောကြားသွားခဲ့တာပါ။