MySport Myanmar

အန်ဇို ထွက်ခွာသွားလို့ ဝမ်းနည်းနေစရာ မရှိဘူးလို့ ဘင်ဖီကာ ဥက္ကဌ ဖွင့်ဟ

ဆောင်းရာသီ အပြောင်းအရွေ့ရဲ့ နောက်ဆုံးရက် နောက်ဆုံးမိနစ်ပိုင်းလောက်မှ ဘင်ဖီကာအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ဗြိတိန်စံချိန်တင် ပြောင်းရွေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွေ့သွားခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အပြောင်းအရွေ့ကြောင့် ဝမ်းနည်းနေစရာ မရှိဘူးလို့ ဘင်ဖီကာအသင်း ဥက္ကဌဖြစ်သူ ရူအီကော်စတာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Euro Weekly News

နွေရာသီကမှ ရေးဗားပလိတ်ကနေ ဘင်ဖီကာကို ရောက်ရှိလာခဲ့သူ အန်ဇိုဖာနန်ဒက်စ်ဟာ ဘင်ဖီကာနဲ့အတူ ပြည်တွင်းမှာရော ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြခဲ့တဲ့အပြင် ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာပါ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်စွဲခဲ့တဲ့အထိ အောင်မြင်သွားခဲ့တာကြောင့် သူ့ကို ချယ်လ်ဆီးအသင်းက မရမက ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဘင်ဖီကာဘက်က အန်ဇိဖာနန်ဒက်ဇ်ကို အသင်းမှာ ဆက်လက် ရှိနေအောင် ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်ခြင်း မရှိတော့တာကြောင့် နောက်ဆုံးမှာတော့ အသင်းပြောင်းဖို့သာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Metro

“အန်ဇိုဖာနန်ဒက်ဇ်က ဘင်ဖီကာအသင်းမှာ ဆက်နေသွားဖို့ ဆန္ဒမရှိခဲ့ဘူး။ သူက ကျွန်တော်တို့အသင်းအတွက် အခွင့်အရေးလေးတောင် မပေးခဲ့ပါဘူး။ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အသင်းမှာ မနေချင်တော့တဲ့ ကစားသမားတစ်ယောက်အတွက် ကျွန်တော် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းက သူ့ကို လိုချင်လာတဲ့အခါ သူ့စိတ်ကို ပြောင်းလဲပစ်နိုင်ဖို့က တကယ်ကို မဖြစ်နိုင်တော့ပါဘူး။ အပြောင်းအရွေ့ နောက်ဆုံးနေ့မှာ လာမယ့်နွေရာသီထဲ ချယ်လ်ဆီးအသင်းဆီ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် သူကိုယ်တိုင်က အသင်းမှာ ဆက်မနေချင်ပဲ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဘက်က သူ့ကို အသင်းမှာ ဆက်လက် ရှိနေဖို့အတွက် အခိုင်အမာ ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်က ဘင်ဖီကာမှာ ဆက်ရှိနေချင်တဲ့ စိတ်ဆန္ဒတွေ မပြသခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ရပါတယ်” လို့ ဘင်ဖီကာ ဥက္ကဌ ရူအီကော်စတာက ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ ရေးဗားပလိတ်ကနေ ဘင်ဖီကာကို ပြောင်းရွေ့ကြေး ယူရို(၄၄)သန်းဝန်းကျင်နဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး အန်ဇိုက ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲ ကစားခဲ့ကာ (၄)ဂိုးသွင်း (၇)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

Exit mobile version