ဘင်ဖီကာအသင်းကတော့ အပြောင်းအရွေ့ဈေးကွက်တိုင်းလိုလိုမှာ အသင်းရဲ့ ကစားသမားတွေ ရောင်းချမှုကနေ ငွေကြေးပေါင်းများစွာ အမြတ်အစွန်းများစွာ ရရှိတဲ့ ကလပ်အသင်းတစ်သင်း ဖြစ်ပါတယ်။ အခု ဘောလုံးရာသီအတွင်း အသင်းကနေ ရောင်းထုတ်ခဲ့တဲ့ ကစားသမားနှစ်ဦးကနေ ပြန်လည် ရရှိလာတဲ့ ငွေကြေးက ယူရိုသန်း(၂၀၀)အထိကို ရရှိခဲ့ပြီး အသင်းအတွက် အမြတ်အစွန်းများစွာပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : BeSoccer

ဘင်ဖီကာအသင်းဟာ ဒီရာသီရဲ့ နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင်နူးနက်ဇ်ကို လီဗာပူးလ်အသင်းဆီ ယူရိုသန်း(၈၀)နဲ့ ရောင်းချနိုင်ခဲ့သလို ဒီနွေမှာပဲ ရေးဗားပလိတ်ကနေ ခေါ်ယူခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကိုပါ ချယ်လ်ဆီးအသင်းဆီ ယူရို(၁၂၁)သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဘောလုံးရာသီတစ်ခုလုံးရဲ့ ဈေးကွက်နှစ်ခုအတွင်း ကစားသမား(၂)ယောက်တည်းကို ရောင်းချခဲ့တဲ့ အရောင်းစရိတ်ကနေ ယူရိုသန်း(၂၀၀)အထိ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဘင်ဖီကာဟာ အသင်းရဲ့ ထောက်တိုင် ကစားသမားတွေကို ဘယ်လိုပဲ ဆုံးရှုံး ဆုံးရှုံး ဘင်ဖီကာက ဘင်ဖီကာပဲ ဖြစ်နေရပြီး စဉ်ဆက်မပြတ် ကြယ်ပွင့်ကစားသမားတွေကို ပြန်လည် ဖြည့်တင်းနိုင်တာဟာလည်း ဒီအသင်းကို လေးစားစရာ ဖြစ်နေရပါတယ်။

Photo Credit : Khel Now

လက်ရှိ ဥရောပဘောလုံးဇာတ်ခုံအတွင်း အသင်းကောင်းတွေ အသင်းကြီးတွေဆီမှာ ပုံမှန်နေရာတစ်ခု ရရှိနေပြီး ခြေစွမ်းကောင်းတချို့ ပြသနေကြ ပြသခဲ့ဖူးကြတဲ့ ကစားသမား တော်တော်များများက ဘင်ဖီကာအသင်းဆီကနေ မြစ်ဖျားခံလာသူတွေ ဖြစ်နေပါတယ်။ နှစ်တိုင်းနှစ်တိုင်း ဈေးကွက်တိုင်း ဈေးကွက်တိုင်းမှာ အသင်းအတွက် main players တွေကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဘင်ဖီကာဟာ လက်လွတ်လိုက်ရတဲ့ ကြယ်ပွင့်နေရာတွေမှာ ကင်းထောက်ကောင်းကောင်းနဲ့ ကျောက်ရိုင်းတုံး ကစားသမားလေးတွေကို အသေအချာရှာဖွေပြီး အစားထိုး ဖြည့်တင်းမှုတွေ လုပ်ဆောင်နိုင်ခဲ့တာမို့ ဘင်ဖီကာအသင်းက လက်ရှိအချိန်ထိ ဘောလုံးလောကအတွက် ထုတ်ကုန်ကောင်းတွေကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနိုင်တဲ့ အသင်းအဖြစ် ဆက်လက် ရပ်တည်နေရတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း တိုက်စစ်က နူးနက်ဇ်ကို လက်လွတ်လိုက်ရပေမယ့် သူ့နေရာမှာ ဂွန်ဆာလိုရာမို့စ်က အစားဝင်နိုင်သလို အခု အန်ဇိုဖာနန်ဒက်ဇ် မရှိတော့ချိန်မှာလည်း သူ့နေရာကို ဝင်ရောက်နိုင်မယ့် ကစားသမားက ထွက်ပေါ်လာဦးမှာဖြစ်ပြီး ဒီကစားသမားတွေကလည်း ဘင်ဖီကာကို နောက်ထပ် ငွေကြေးများစွာ ထပ်မံရှာပေးနိုင်မှာလည်း အသေအချာပါပဲ။