မန်ချက်စတာယူနိုက်တက် အာဆင်နယ်အသင်းတွေ အပါအဝင် ဥရောပ ကလပ်အသင်းအများစု စိတ်ဝင်စားနေကြတဲ့ ဘင်ဖီကာအသင်းရဲ့ ဥရုဂွေး လူငယ်တိုက်စစ်မှုူးလေး ဒါဝင်နူနက်ဇ်ရဲ့ တန်ကြေးဟာ အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျာအိုဖီးလစ်ရဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တုန်းက ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင်(၁၁၃)သန်းလို ဖြစ်လာစေဖို့ ဘင်ဖီကာအသင်းနည်းပြ နယ်လ်ဆန်ဗယ်ရီဆီမိုက မျှော်လင့်နေခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဥရုဂွေး တို်က်စစ်ကစားသမားလေး နူနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အတော်လေးကို တောက်ပလွန်းနေပြီး ဘင်ဖီကာအသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၃၁)ဂိုးထိ သွင်းယူထားနိုင်သလို အသင်းကိုလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ထိပါ ပို့ဆောင်ထားနိုင်ပါတယ်။ ဒီကစားသမားလေးကို လတ်တလောမှာ ယူနိုက်တက် အာဆင်နယ်အသင်းတွေက အပြိုင်စိတ်ဝင်စားနေကြသလို ဥရောပ အင်အားကြီးအသင်းတချို့ကလည်း နူနက်ဇ်ကို စောင့်ကြည့်နေတာကြောင့် တကယ်လို့ နူနက်ဇ်ကိုသာ အသင်းကနေ လက်လွတ်သွားရမယ်ဆိုရင် စျေးပေါပေါနဲ့ မဟုတ်ပဲ ဂျာအိုဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေးလို ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့ ဗယ်ရီဆီမိုက ပြောကြားသွားခဲ့ပါတယ်။

West Ham chasing late deal for Benfica striker Darwin Nunez | Marca

Photo Credit : Marca

ဘင်ဖီကာနည်းပြ ဗယ်ရီဆီမိုက “ဒါဝင်ဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီးတော့ သူရဲ့အရည်အသွေးအားလုံးကို ပြသထားပါတယ်။ သူက အသင်းကို အများကြီး ကူညီပေးခဲ့သလို အသင်းကလည်း သူ့ကို အများကြီး ကူညီပေးနိုင်ခဲ့တာ အမှန်ပါပဲ။ သူက အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားလေးပါ။ ဒီရာသီတစ်လျှောက်လုံး သူရဲ့တိုးတတ်မှုတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရရှိလာခဲ့တဲ့ ရလဒ်တွေကြောင့် ဥရောပ အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုတွေပါ မြင့်တတ်လာခဲ့တာက သဘာဝပါပဲ။ သူပြသခဲ့တဲ့ ခြေစွမ်းအပေါ်မှာ မူတည်ပြီး တခြားကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်တဲ့ သဘာဝအတိုင်း သူထွက်ခွာသွားရမယ့်အချိန်လည်း ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါက ဒီရာသီအကုန် ဒါမှမဟုတ် နောက်ရာသီတွေမှာ ဖြစ်လိမ့်မယ်။ အခုကတော့ တန်ကြေး ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး ဘင်ဖီကာအသင်း ပရိသတ်တစ်ဦးအနေနဲ့ ဂျာအိုဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ နီးစပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။