ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာကတော့ တချိန်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ရေးဗားပလိတ် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ဘင်ဖီကာက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၂၅သန်းနဲ့ ရောင်းထုတ်ခဲ့ပြီးနောက် နူနက်ဇ်ရဲ့ အပြောင်းအရွှေ့ ကနေ ရလာတဲ့ ယူရို ၇၅သန်းကို အသုံးပြုပြီး အသင်းရဲ့ ကစားသမား အင်အားကို ပြန်လည် ဖြည့်တင်းဖို့ လုပ်ဆောင်နေတဲ့ အသင်းပါ။

Photo Credit: Standard

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုစလုံးမှာ ရေးဗားပလိတ်ရဲ့ မရှိမဖြစ် ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဆိုရင်လည်း ရေးဗားပလိတ်အတွက် ပြိုင်ပွဲစုံ ၂၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘင်ဖီကာက ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘင်ဖီကာက အန်ဇို ဖာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ကစားသမားနဲ့သာ သဘောတူညီမှု ရရန် လိုအပ်တော့ကြောင်း သိရပါတယ်။

ယခုအချိန်မှာတော့ ဘင်ဖီကာရဲ့ တာဝန်ရှိသူတွေက အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ အန်ဇို ဖာနန်ဒက်ဇ်ကလည်း လူငယ် ကစားသမားတွေကို မြေတောင် မြှောက်ပေးတတ်တဲ့ ဘင်ဖီကာဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။