MySport Myanmar

ချယ်လ်ဆီးဘက်က လေးစားမှု မရှိတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ဘင်ဖီကာ စွပ်စွဲ

အာဂျင်တီးနား ကြယ်ပွင့်လေး အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးအသင်းဘက်က လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်သွားခဲ့တယ်လို့ ဘင်ဖီကာအသင်းနည်းပြ ရှမစ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့် ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ကို အခု ဆောင်းဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားဖို့အတွက် ဘင်ဖီကာအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ သဘောတူညီမှုတွေ မရရှိပဲ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့ ဘင်ဖီကာအသင်းတို့ဟာ နဂိုကတည်းက ကစားသမား အပြောင်းအရွှေ့တွေ များစွာ လုပ်ဆောင်ထားခဲ့ဖူးတဲ့ အသင်းတွေ ဖြစ်နေပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ချယ်လ်ဆီးဘက်က လေးစားမှုမရှိတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်လာခဲ့တယ်လို့ ဘင်ဖီကာနည်းပြဖြစ်သူက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘင်ဖီကာနည်းပြ ရှမစ်က “ကျွန်တော်တို့ အန်ဇိုကို မရောင်းချသွားချင်ပါဘူး။ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတစ်သင်း ရှိပါတယ်။ သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကလည်း သူရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း(၁၂၀)ပဲ ရှိတယ်ဆိုတာကို သိထားမှာပါ။ သူတို့က ရိုသေမှု မရှိဘူး။ သူတို့က ကစားသမားကိုလည်း အရူးလုပ်သွားခဲ့တယ်။ သူတို့က ကစားသမားရဲ့ စာချုပ်လျော်ကြေးကို ပေးဆောင်မယ့်ပုံစံမျိုး လုပ်ပြီးမှ ညှိနှိုင်းချင်တယ်ဆိုပြီး ပြောလာခဲ့တယ်” လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် လာမယ့်နွေမှသာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်း ဒစ်ကလန်ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းကနေ အရ ခေါ်ယူသွားဖွယ်လည်း ရှိပါတယ်။ ချယ်လ်ဆီးဟာ အန်ဇိုကို မခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အိုင်ဗရီကို့စ် ဆယ်ကျော်သက် တိုက်စစ်မှူး ဒါထရိုဖိုဖားနားကို ခေါ်ယူထားနိုင်ခဲ့ပြီး မိုနာကိုအသင်းရဲ့ ပြင်သစ် ခံစစ်မှူးလေး ဘာဒီအက်ရှီလီကိုလည်း ခေါ်ယူသွားနိုင်တော့မှာ ဖြစ်တဲ့အပြင် ယူကရိန်း တောင်ပံကစားသမား မူဒရစ်ခ်ကိုလည်း အာဆင်နယ်နဲ့ အပြိုင်ချဉ်းကပ်လို့နေပါတယ်။

Exit mobile version