ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ဘယ် နောက်ခံလူနေရာအတွက် လက်စတာစီးတီး အသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံး အနေအထား တစ်ခုမှာ ရှိနေခဲ့ပေမယ့် အရေးပါတဲ့ အရာ တစ်ခုကြောင့် အပြောင်းအရွှေ့ကို ရှေ့ဆက်ဖို့ဟာ ခက်ခဲနေတယ်လို့ သိရပါတယ်။ အင်္ဂလန် သတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေတာဟာ အတော်လေးကို ခရီးပေါက်နေပြီဖြစ်ကြောင်းနဲ့ ချီဝဲလ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရယူထားခဲ့ပေမယ့် လက်စတာအသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေရကြောင်း သိထားရပါတယ်။

Photo Credit: Express.com

အသက်၂၃နှစ်အရွယ် ချီဝဲလ်ဟာ လက်ရှိ ဘောလုံးရာသီမှာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ပွဲ ပါဝင်ကစားပေးထားရာမှာ ၂ဂိုးသွင်းယူထားပြီး ၃ဂိုးဖန်တီးပေးထားနိုင်ကာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံရမယ့် ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်ကို အသင်းထံ ပြောင်းလာဖို့ စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သလို ဘန်ချီဝဲလ်အနေနဲ့လည်း အသင်းဖော်ဟောင်း ဖြစ်တဲ့ မက်ဂွိုင်းယားလိုမျိုး ထိပ်တန်း အသင်းတစ်သင်းထံကို ပြောင်းရွှေ့ကာ ယခုထက် ပိုမိုတဲ့ စွမ်းဆောင်ရည်တွေကို ပြသလိုတာကြောင့် ချယ်လ်ဆီးအသင်းထံကို နွေရာသီမှာ ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။

Photo Credit: Express.com

သို့ပေမယ်​့ လက်စတာအသင်းနဲ့ နီးစပ်သူတွေကတော့ လက်စတာအသင်းဟာ အသက်ငယ် သေးတဲ့ ချီဝဲလ်ကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ကြောင်းနဲ့ ချီဝဲလ်ရဲ့ အပြောင်းအရွှေ့ကတဆင့် ကြီးမားတဲ့ အကျိုးအမြတ်ကို ရယူလိုနေကြောင်း ဖွင့်ဟထားကြပြီး လက်စတာအသင်း အနေနဲ့ ချီဝဲလ်ရဲ့ အပြောင်းအရွှေ့ကနေ ပြောင်းရွှေ့ကြေး ပေါင်၉၀သန်းခန့်အထိ ရယူလိုနေပါတယ်လို့ တချို့သတင်းထောက်တွေက ဆိုထားကြပါတယ်။ လက်စတာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ဗဟို ခံစစ် ကစားသမား မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင်၈၀သန်းနဲ့ မန်ယူအသင်းထံ ရောင်းချခဲ့တာ ဖြစ်ပြီး ချီဝဲလ်ရဲ့ အပြောင်းအရွှေ့မှာလည်း အဆိုပါပြောင်းရွှေ့ကြေးမျိုးကို ထပ်မံ အလိုရှိနေတာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်က ချီဝဲလ်ရဲ့ တန်ကြေးကို ပေါင်၆၀သန်းခန့်သာ သတ်မှတ်ထားတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေဟာ ခက်ခဲမယ် လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။