ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လက်စတာစီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာ သူ့ကို အထူးစိတ်ဝင်စားနေတဲ့ ကလပ်အသင်းပေါင်းများစွာထဲကမှ ချယ်လ်ဆီးအသင်းကိုပဲ ရွေးချယ်ခဲ့ရတာဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံကစားသမားဟောင်ကြီး အက်ရှ်လေကိုးကြောင့်ဖြစ်ပြီး အက်ရှ်လေကိုးကိုအရမ်းသဘောကျတာကြောင့် သူ့နေရာမှာ ကစားခွင့်ရမယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ဘင်ချီဝဲလ်ဟာ သြဂုတ်လ(၂၆)ရက်နေ့ကပဲ လက်စတာကနေ ချယ်လ်ဆီးအသင်းဆီ ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့လာခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်စတာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ နောက်ခံကစားသမား ချီဝဲလ်ဟာ ၂၀၁၅ခုနှစ်မှာပဲ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့ Left-Back တွေထဲမှာ အရည်အသွေးအရှိဆုံးသူအဖြစ်နဲ့ သတ်မှတ်ခံလာရပြီး အခုဆိုရင် သူရဲ့ Idol ကြီး အက်ရှ်လေကိုးရဲ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းမှာ ပါဝင်ကစားခွင့်ကို ရရှိခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Football Talk

အသင်းပြောင်းဖြစ်ခဲ့တာနဲ့့ပတ်သက်ပြီး ဘင်ချီဝဲလ်က “ဒါက ကျွန်တော်အတွက် တကယ့်ကို အ့ံမခန်းပါပဲ။ ချယ်လ်ဆီးအသင်း ဘယ်နောက်ခံနေရာအတွက် ပါဝင်ကစားပေးရတော့မှာကို အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်က အက်ရှ်လေကိုး ကစားခဲ့တာကို စောင့်ကြည့်အားပေးခဲ့ရင်းနဲ့ ကြီးပြင်းလာခဲ့တာလေ။ ဆိုတော့ သူဒီအသင်းအပေါ် ဘယ်လောက်လေးစားမြတ်နိုးလဲဆိုတာကို ကျွန်တော်သိထားသလို ဒါကလည်း ဒီနေရာကို ရောက်လာဖို့အတွက် အဓိကအချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်ကိုကျွန်တော် အရမ်းကို နှနယ်နေသေးတယ်လို့ ခံစားမိတယ်။ အက်ရှ်လေကိုး ချယ်လ်ဆီးအသင်းမှာ ပိုင်ဆိုင်ခဲဲ့တဲ့ ကစားသမားဘဝဖြတ်သန်းမှုတစ်ခုလို ကျွန်တော်လည်း ပိုင်ဆိုင်ချင်တယ်။ သူ့လို ဒီအသင်းအတွက် အများကြီးပေးဆပ်သွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ကစားသမားသစ်(၄)ယောက်ထိကို ခေါ်ယူထားခဲ့ပြီး မကြာခင်မှာလည်း ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားက အသင်းဆီ ထပ်မံရောက်လာတော့မှာဖြစ်သလို အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ကိုင်းလ်ဟားဗက်ဇ်ကိုလည်း ပေါင်သန်း(၉၀)နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။