စီးရီးအေအသင်း တသင်း ဖြစ်တဲ့ တိုရီနိုအသင်းနဲ့ အီတလီ လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဘယ်လော့တီကတော့ သူတို့အသင်းဟာ ယခု ယှဉ်ပြိုင် ကစားနေတဲ့ ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ပစ်မှတ်ထား ကြိုးပမ်းနေကြောင်း ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ အီတလီ လက်ရွေးစင် အသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ၅သင်း စာရင်းထဲမှာ မပါဝင်သလို လက်ရွေးစင် အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမား အများစုဟာ ထင်ပေါ် ကျော်ကြားတဲ့ ကစားသမားတွေ မဟုတ်တာကြောင့် ယူရို ၂၀၂၀ပြိုင်ပွဲကို အီတလီအသင်း အနေနဲ့ ဗိုလ်စွဲနိုင်ဖို့ဟာ ခက်ခဲကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Fot Mob

အီတလီအသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စု Aမှာ ဆွစ်ဇာလန်အသင်း ၊ ဝေးလ်အသင်း ၊ တူရကီအသင်းတို့နဲ့ အတူ ကျရောက်နေကာ အဖွင့်ပွဲစဉ် ဖြစ်တဲ့ တူရကီအသင်းနဲ့ ပွဲစဉ်မှာ သုံးဂိုးပြတ် အနိုင်ရထားတာကြောင့် အုပ်စု ပထမနေရာနဲ့ နောက်တဆင့်ကို တက်လှမ်းဖို့ ရေပန်းစားနေပါတယ်။ အကယ်၍ အုပ်စု ပထမ နေရာနဲ့သာ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ရင် အီတလီအသင်းဟာ ၁၆သင်းအဆင့်မှာ အုပ်စု Cရဲ့ ဒုတိယအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အုပ်စုC အတွင်းမှာ ဩစတီးယားအသင်း ၊ နယ်သာလန်အသင်းနဲ့ ယူကရိန်းအသင်းတို့သာ နောက်တဆင့်ကို တက်လှမ်းနိုင်မယ့် အနေအထားမှာ ရှိနေတာကြောင့် အီတလီအသင်း အနေနဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်ဖို့ မခက်ခဲလောက်ပါဘူး။

Photo Credit: Fot Mob

ဒါပေမယ့် အီတလီ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဘယ်လော့တီကတော့ သူတို့အသင်းဟာ ကွာတားဖိုင်နယ် အဆင့်လောက်နဲ့ ကျေနပ်ဖို့ ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်တာ မဟုတ်ပဲ ဗိုလ်စွဲနိုင်ဖို့ကသာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ကြောင်း ပြောကြားလာပါတယ်။ ဘယ်လော့တီက – “ကျွန်တော်တို့ ဗိုလ်စွဲနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကျွန်တော်တို့က ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာကြောင့် အခက်ခဲဆုံး အချိန်တွေကို ဖြတ်ကျော်ခဲ့ ရပါတယ်။ ဒါပေမယ့် ဒီတကြိမ်တော့ ကျွန်တော်တို့တွေ ဒီပြိုင်ပွဲကို ဗိုလ်စွဲဖို့ လာခဲ့တာပါ။ ကျွန်တော်တို့ အဲ့ဒါကို လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ကွင်းထဲမှာ အတူတကွ အလုပ် ကြိုးစားဖို့ လိုပါသေးတယ်။ ပွဲစဉ်တိုင်းကို အာရုံစိုက်ပြီး ယှဉ်ပြိုင် ကစားရမယ်။ ဒါကပဲ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ့် တခုထဲသော နည်းလမ်းပါ” လို့ ပြောကြားခဲ့တာပါ။