ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘောလုံးဂျာစီ ရောင်းချရမှုတွေထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့်ကစားသမားလေး ဂျူဒ့်ဘယ်လင်ဟမ်ရဲ့ ဂျာစီဟာ ရောင်းအား အကောင်းဆုံး ဂျာစီ ဖြစ်ခဲ့ရတယ်လို့ သိရှိရပါတယ်။

ဒီနှစ် နွေရာသီကမှ ဒေါ့မွန်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် (၂၀)အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ သူရဲ့ ရီးယဲလ်ကစားသမားဘဝ တာထွက်ရာသီမှာပဲ မျှော်လင့်ထားတာထက်ကို ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေပါတယ်။

Photo Credit : Goal

ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၁၄)ပွဲကစား (၁၃)ဂိုးသွင်း (၃)ဂိုးဖန်တီးထားနိုင်ခဲ့သလို ဘာလွန်းဒေါ ဆုပေးပွဲမှာလည်း တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆုကိုပါ ဆွတ်ခူးထားခဲ့ပါသေးတယ်။ ဒါကြောင့် ဘယ်လင်ဟမ်က ဘောလုံးနယ်ပယ်မှာ တခြားသော ကစားသမားတွေထက် ပိုမို ကျော်ကြားနေရင်း ဂျာစီ ရောင်းချရမှုနှုန်းတွေပါ မြင့်တက်လာခဲ့ရပါတယ်။

ရောင်းအားအကောင်းဆုံး ဂျာစီ Top 10 စာရင်းမှာ ဘယ်လင်ဟမ်က ထ်ိပ်ဆုံးနေရာမှာ ရပ်တည်ထားပြီး ဒုတိယနေရာမှာတော့ မန်စီးတီး တိုက်စစ်မှူး ဟာလန်း နဲ့ တတိယနေရာမှာတော့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဘာပေတို့က ရှိနေပါတယ်။

Photo Credit : The Sun

မန်ယူနိုက်တက်မှာ ဂိုးပေါက်ပျောက်နေတဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ဒီရာသီ စပါးမှာ ခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင် ၊ ဆော်ဒီကို ရောက်ရှိဖို့ နီးစပ်ခဲ့သေးတဲ့ မိုဆာလာ နဲ့ ဒဏ်ရာကြောင့် ခုထိ အနားယူနေရတဲ့ Assist King ဒီဘရိုင်းနားတို့က အဆင့် (၄)ကနေ (၇)အထိ အသီးသီး ရပ်တည်နေပါတယ်။

ဂျာစီ ရောင်းအားအကောင်းဆုံး နံပါတ် (၈)နေရာမှာတော့ ဒီရာသီထဲ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတဲ့ ယူနိုက်တက် ကြယ်ပွင့်လေး ဂါနာချိုက အံ့အားသင့်ဖွယ် ရှိနေပါတယ်။ ဒီကစားသမားလေးက ဒီရာသီမှ ကျောနံပါတ် (၄၉)ကနေ (၁၇)ကို ပြောင်းလဲ ဝတ်ဆင်ထားရပြီး ပရိသတ် အချစ်တော် ကစားသမားပါ ဖြစ်နေရပါတယ်။ ဂါနာချိုရဲ့အောက် (၉) (၁၀)နေရာမှာတော့ ဆကာ နဲ့ ဗင်နီစီယပ်စ်တို့ ရှိနေကြပါတယ်။