မနေ့ညက မက်စ်တဲလားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကတော့ တကယ့်ကို အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေနဲ့အတူ တစ်ဖက်ကို (၂)ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးသွားခဲ့ရပါတယ်။

ပွဲချိန် ပထမပိုင်းမှာ ကစားပုံ လိုအပ်ချက် ရှိနေခဲ့တဲ့ ရီးယဲလ်အသင်းက အိမ်ရှင်အသင်းရဲ့ မီနစ်ပိုင်းအတွင်း ဆက်တိုက် သွင်းယူခဲ့တဲ့ သွင်းဂိုး (၂)ဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ဗင်နီစီယပ်စ်ရဲ့ ချေပဂိုး ရလိုက်တာက ရီးယဲလ်အတွက် အခြေအနေကောင်းခဲ့ရပါတယ်။

Photo Credit : Livescore

ဒုတိယပိုင်းမှာလည်း ဗင်နီကပဲ နောက်ထပ် ဒုတိယမြောက် ချေပဂိုးကို ထပ်သွင်းရင်း (၂)ဂိုးစီ သရေကျသွားချိန်မှာ အဲ့ဒီရလဒ်နဲ့ပဲ အဆုံးသတ်ခါနီး ရီးယဲလ်ကို ကယ်တင်နေသူ ဘယ်လင်ဟမ်က ခေါင်းရှပ်တိုက်ပြီး အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒီဂိုးကို ကွင်းလယ်ဒိုင်ကတော့ လုံးဝ ခွင့်မပြုပဲ ငြင်းဆန်ခဲ့ပါတယ်။

တကယ်တော့ ရီးယဲလ်အသင်း တိုက်စစ်ဆင်နေစဉ် ဘရာဟင် ဒီယက်ဇ်က ဧရိယာထဲ ဖြတ်တင်ဘော တင်လိုက်တဲ့အချိန်မှာ ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာမှုတ်လိုက်ပါတယ်။ ဒါပေမယ့် ဒီဖြတ်တင်ဘောကနေ ဘယ်လင်ဟမ်က ခေါင်းတိုက်ပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒိုင်က သူ ပွဲသိမ်းခရာမှုတ်ပြီးမှ ဂိုးတာဖြစ်လို့ ဒီဂိုးကို ထည့်မတွက်ပေးဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒီဆုံးဖြတ်ချက်က ရမှတ် (၃)မှတ်အပြည့် မပိုင်ဆိုင်လိုက်ရတဲ့ ရီးယဲလ်အသင်းအတွက်တော့ တကယ့်ကို လက်မခံနိုင်စရာ ဆုံးဖြတ်ချက်ဖြစ်လို့ တစ်သင်းသားလုံး ဒိုင်ကို ဝိုင်းစောဒကတက်ကြပြီး သူ့ဂိုးကို ခွင့်မပြုတဲ့ ဒိုင်ကိုလည်း ဘယ်လင်ဟမ်က “f***ing”ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဒီဂိုးက လုံးဝကို ခွင့်ပြုရမယ့် ဂိုးတစ်ဂိုးလို့ ဒေါသတပြီး တုံ့ပြန်ခဲ့ရာ တိုက်ရိုက် အနီကတ်ပါ ပြသခံလိုက်ရပါတယ်။

တကယ်တော့ ဘယ်လင်ဟမ်က ဒဏ်ရာကနေ ပြန်သက်သာလာလို့ အခု ဗလင်စီယာနဲ့ပွဲမှ ပြန်လည် ပါဝင်လာနိုင်တာ ဖြစ်ပေမယ့်လည်း အခုတော့ အနီကတ်ပြစ်ဒဏ်ကြောင့် အနည်းဆုံး (၃)ပွဲလောက် ပွဲပယ်ခံရနိုင်ပြီး ရီးယဲလ်ဘက်ကတော့ ဒီအနီကတ် ပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့ သိရပါတယ်။