ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂိုးသွင်းစက်လေး ဖြစ်နေရသူ အင်္ဂလန် ကွင်းလယ် ကစားသမား ဂျုဒ့် ဘယ်လင်ဟမ်ဟာ လက်ရှိမှာတော့ ရီးယဲလ်ရဲ့ ဂန္တဝင် ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စံချိန်တစ်ခုကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒေါ့မွန်အသင်းအတွက်ရော အင်္ဂလန်နဲ့ ကမ္ဘာ့ဖလားမှာပါ တောက်ပနိုင်ခဲ့တဲ့ ကွင်းလယ် ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဒီနွေမှာပဲ ဒေါ့မွန်ကနေ ရီးယဲလ်အသင်းဆီကို ယူရို (၁၀၃)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Twitter

တိုနီ ကရူးစ် နဲ့ လူကာ မိုဒရစ်တို့လို အမာခံ ကွင်းလယ်လူကြီးတွေ အသက်အရွယ်အရ အကျပိုင်းရောက်နေပြီဖြစ်လို့ သူတို့နေရာမှာ ဘယ်လင်ဟမ်လို ကွာလတီ ကစားသမားလေးနဲ့ အစားထိုးဖို့အတွက် အခုလို အသုံးစရိတ်များစွာနဲ့ ခေါ်ယူ ဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လင်ဟမ်က လက်ရှိမှာ အသင်းရဲ့ တိုက်စစ် တာဝန်တွေကိုပါ ပါဝင် ထမ်းဆောင်ပေးလျက် ရှိနေပြီး လာလီဂါ (၃)ပွဲကစားပြီးချိန် သူရဲ့ သွင်းဂိုးက (၄)ဂိုးအထိတောင် ရှိနေခဲ့ပါတယ်။ အသင်းမှာ တိုက်စစ်မှူး ဘန်ဇီမာ မရှိတော့ချိန် အသင်းရဲ့ သွင်းဂိုးတာဝန်တွေအတွက် ဘယ်လင်ဟမ်က ပခုံးပြောင်း ထမ်းဆောင်နေပါတယ်။

Photo Credit : ESPN FC

အခုလက်ရှိမှာတော့ ဘယ်လင်ဟမ်က ရီးယဲလ်အသင်းအတွက် လာလီဂါ (၃)ပွဲဆက်တိုက်အထိ သွင်းဂိုးတွေ ရယူပေးနေတာကြောင့် ဒီဂိုးမှတ်တမ်းဟာ ရီးယဲလ် ကစားသမားဟောင်းကြီး ရော်နယ်လ်ဒို ရီးယဲလ်မှာ တင်ရှိဖူးတဲ့ စံချိန် မှတ်တမ်းနဲ့ပါ တူညီသွားခဲ့ရပါတယ်။

ရော်နယ်လ်ဒိုဟာလည်း သူရဲ့ ပထမဆုံး လာလီဂါပွဲစဉ် (၃)ပွဲလုံးမှာ အခုလို ဂိုးတွေ ဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်လိုပဲ ရီးယဲလ်အတွက် ၃)ပွဲမှာ (၄)ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က ဆယ်လ်တာဗီဂိုနဲ့ ပွဲမှာလည်း ဗင်နီစီယပ်စ် ဒဏ်ရာရလို့ လူစားလဲပြီး ရိုဒရီဂို ပင်နယ်တီ ဂိုးမဝင်ချိန်မှာ ဘယ်လင်ဟမ်ကပဲ အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။