ဒီနှစ်ဘောလုံးရာသီအတွင်း စတင်ထွက်ပေါ်လာခဲ့တဲ့ လူငယ်ကစားသမားလေးတွေထဲမှာမှ အသက်ငယ်ရွယ်လွန်းပေမယ့်လည်း ခြေစွမ်းပိုင်းမှာတော့ အရမ်းထူးချွန်လှသော ကစားသမားလေးဖြစ်တဲ့ ဘာမင်ဂမ်အသင်းရဲ့ဆယ်ကျော်သက်ကွင်းလယ်ကစားသမားလေး ဂျုဒ့်ဘယ်လင်ဟမ်ကတော့ လက်ရှိ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ အရမ်းကိုတောက်ပတဲ့ လူငယ်လေးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရကာ သူ့ကိုခေါ်ယူဖို့အတွက် ကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်တစားရှိနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဒေါ့မွန်ကိုပဲ ရွေးချယ်ဖွယ်ရှိတယ်လို့ ဂျာမန်သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၁၆)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်လူငယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဒီနှစ်ဘောလုံးရာသီမှာပဲ ဘာမင်ဂမ်စီးတီးအသင်းရဲ့ စီနီယာကစားသမားတစ်ယောက်အဖြစ် စတင်ပွဲဦးထွက်ခွင့်ရတာဖြစ်ကာ ဘာမင်ဂမ်အသင်းအတွက် (၃၅)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။ ဒီကွင်းလယ်ကစားသမားလေးကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးနေရာကနေ ရေပန်းအစားဆုံးဖြစ်လို့နေပြီး လာမယ့်နွေစျေးကွက်ဖွင့်ချိန်မှာပဲ ပေါင်သန်း(၃၀)ခန့်နဲ့ ကမ်းလှမ်းသွားဖို့ အဆင့်သင့်ဖြစ်လို့နေပါတယ်။

Photo Credit : Metro

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကမှ ဘယ်လင်ဟမ်ရဲ့မိဘတွေဟာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကို လာရောက်လည်ပတ်ခဲ့လို့ ဘယ်လင်ဟမ်အနေနဲ့ ယူနိုက်တက်အသင်းသားအသစ်ဖြစ်လာဖို့ အလွန်နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း နာမည်ကျော် ဂျာမန်သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ Blid ကနေ ဖော်ပြလာချက်အရတော့ ဘယ်လင်ဟမ်ဟာ ယူနိုက်တက်ကို ပယ်ချမှာဖြစ်ကာ ဒေါ့မွန်ကိုပဲ ရွေးချယ်လိမ့်မယ်လို့ သိရပါတယ်။ ဘယ်လင်ဟမ်ကို ချိတ်ဆက်လို့နေတဲ့ အသင်းတွေထဲမှာ ဒေါ့မွန်လည်း အပါအဝင်ဖြစ်လို့နေပြီး အခုလို ဗိုင်းရပ်စ်ပြသာနာတွေနဲ့ မရင်ဆိုင်ရခင်တုန်းက ဒေါ့မွန်အသင်းဆီ ပြောင်းရွေ့ဖို့အတွက် ဆွေးနွေးခဲ့သေးတယ်လို့ အဆိုပါမီဒီယာကနေ ဖော်ပြထားပါတယ်။ ဒေါ့မွန်ဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို အသင်းမှာ တစ်ရာသီလောက် ဆက်လက်ထားရှိဦးမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။