အင်္ဂလန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဂျူဒ့် ဘယ်လင်ဟမ်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်သွားချင်တယ်လို့ ထုတ်ဖော် ပြောကြားမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၄)ရက်နေ့ကတည်းက စတင် ကျင်းပလာခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဟာ အခုဆိုရင်တော့ အကြိုဗိုလ်လုပွဲအဆင့်ထိပါ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီကနေ့ညမှာ စပိန်နဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး အင်္ဂလန်နဲ့ နယ်သာလန်တို့ကတော့ မနက်ဖြန်မှာပဲ ဆီမီးဖိုင်နယ်ပွဲကို ကစားသွားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit : UEFA

လက်ရှိ ဆီမီးဖိုင်နယ်က အသင်း(၄)သင်းထဲမှာတော့ ဂါရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းနဲ့ ဒီဒီယာ ဒေးရွှမ့်ရဲ့ ပြင်သစ်အသင်းတို့က ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ အသင်းတွေ ဖြစ်နေသလို စပိန်ကတော့ ဗ်ိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လို့နေပြီး နယ်သာလန်ကတော့ ရှုံးထွက်အဆင့်တွေမှာ ခြေစွမ်းပိုင်း တဖြည်းဖြည်းနဲ့ ကောင်းမွန်လာတဲ့အသင်း ဖြစ်နေပါတယ်။

(၁၆)သင်း ရှုံးထွက်အဆင့်မှာ ဆလိုဗက်ကီးယား ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်အသင်းတို့ကို ကျော်ဖြတ်လာခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘယ်လင်ဟမ်ကတော့ သူတို့အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို ကျော်ဖြတ်ပြီးရင် ဖိုင်နယ်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်သွားချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

Photo Credit : Youtube

“ပြီးခဲ့တဲ့ (၃)ပတ်အတွင်းမှာ စပိန်အသင်း ကစားသွားတာက အရမ်းကောင်းပါတယ်။ ဘာမဆိုလည်း ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ဖိုင်နယ်မှာ စပိန်အသင်းနဲ့ ရင်ဆိုင်သွားရဖို့ကိုလည်း မျှော်လင့်ပါတယ်။ သူတို့ ကစားပုံက အရမ်းကို ကောင်းမွန်ပါတယ်။” လို့ ဘယ်လင်ဟမ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်ရဲ့ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာသာ ဗိုလ်လုပွဲအဆင့်ဆီကို ပထမဆုံးအကြိမ်အဖြစ်နဲ့ တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်ဟာ အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ပြိုင်ပွဲ မကျင်းပခင်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေရဲ့ ထိပ်ဆုံးနေရာမှာ ပါဝင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက်မှာလည်း ချန်ပီယံ ခြေစွမ်းမျိုး ရှိမနေပဲ ဆီမီးဖိုင်နယ်အဆင့်ထိပါ တက်လှမ်းထားနိုင်ခဲ့ပါတယ်။