ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမားလေး ဂျုဒ့် ဘယ်လင်ဟမ်က သူ့အနေနဲ့ ဒီနှစ် ဘောလုံးရာသီထဲ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသလာနိုင်တာဟာ ရီးယဲလ်လို အသင်းမျိုးမှာ ကစားခွင့် ရနေတာကြောင့် ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ဒီနှစ်နွေမှ ဒေါ့မွန်ကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရီးယဲလ်အတွက်ရော အင်္ဂလန်အတွက်ပါ ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။
Photo Credit : Optus Sports
ဘာမင်ဂမ် ဒေါ့မွန်တို့လို အသင်းဟောင်းတွေမှာ အထူးခြားဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပြီး ရီးယဲလ်လို အသင်းကြီးမျိုးဆီ ရောက်သွားချိန်မှာလည်း အရင်ကထက် ပိုမို တောက်ပလာနိုင်ခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီထဲမှာ ဘယ်လင်ဟမ်ဟာ အင်္ဂလန် နဲ့ ရီးယဲလ်တို့အတွက် ခြေစွမ်းပြရင်း (၉)ပွဲအထိ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုတွေကိုပါ ပိုင်ဆိုင်ထားခဲ့ရပါတယ်။
“ရီးယဲလ် မက်ဒရစ်အသင်းမှာ ကစားနေရခြင်းက ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ ရာနှုန်းပြည့် တိုးတက်လာစေပါတယ်။ စိတ်ဓါတ်ပိုင်းရော အရည်အသွေးပိုင်းပါ ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ နေ့တိုင်း ထိတွေ့နေရတာကြောင့် ကျွန်တော်ရဲ့ အရည်အသွေးတွေ စိတ်ပိုင်းရုပ်ပိုင်းတွေက အဆင့်တစ်ခုကို ရောက်လာခဲ့ရပါတယ်။”
Photo Credit : The Athletic
“နည်းပြကြီးကလည်း ကျွန်တော့်ကို လွတ်လပ်စွာ ကစားခွင့် ပေးထားတာကိုလည်း ကျွန်တော် အရမ်းနှစ်သက်မိပါတယ်။ ကျွန်တော် ဒီအသင်းမှာ နှစ်ပေါင်းများစွာ ဆက်ရှိသွားချင်ပါတယ်။ (၁၀)နှစ် (၁၅)နှစ်လောက်အထိ ဒီအသင်းနဲ့ပဲ ဆက်လက် လက်တွဲသွားချင်ပါတယ်။”
“ဒီအသင်းမှာ အမြဲရှိနေရမှာကို ကျွန်တော် သဘောကျမိပါတယ်။ ကျွန်တော် ဒီအသင်းကို ချစ်မြတ်နိုးပါတယ်။” လို့ ဘယ်လင်ဟမ်က ပြောဆိုထားခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစား (၁၀)ဂိုးအထိ သွင်းယူထားပြီး (၃)ဂိုး ဖန်တီးထားနိုင်ခဲ့သလို အင်္ဂလန်အတွက် (၄)ပွဲကစားထားကာ (၁)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။