MySport Myanmar

ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီဆီ မပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ဘယ်လင်ဟမ်

ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်ရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ဂျု့ဒ် ဘယ်လင်ဟမ်က လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်ကနေ ထိပ်သီးအသင်း တသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားထားပေမယ့် ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးနဲ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီတို့ဆီ မပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်နဲ့အတူ အံ့မခန်း ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဘယ်လင်ဟမ်က ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားရတဲ့ ပွဲတွေ ရှိသလို သူက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဘယ်လင်ဟမ်က ဒေါ့မွန်မှာ အသားကျနေပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အတွက် လာမယ့် နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကို စွန့်ခွာကာ ဥရောပ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဒေါ့မွန်ကလည်း ဘယ်လင်ဟမ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်း ဝန်းကျင် ရရှိရင် ဘယ်လင်ဟမ်ကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

Photo Credit: Sky Sports

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sport Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘယ်လင်ဟမ်က လာမယ့် နွေဈေးကွက် အတွင်းမှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပေမယ့် ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားကြောင်း သူ့ရဲ့ အေးဂျင့်အဖြစ် လုပ်ကိုင်နေတဲ့ ဖခင်ဖြစ်သူထံ ပြောပြထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ချေ ရှိနေကြောင်း Bildက ဆိုပါတယ်။

Exit mobile version