စပိန်လာလီဂါကလပ် ဂီတာဖေးရဲ့ နည်းပြချုပ် ဖြစ်သူ ဘော်ဒါလက်စ်က သူတို့အသင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဘာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ခဲ့သလဲ ဆိုတာကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လာလီဂါရဲ့ အသင်းငယ် တသင်း ဖြစ်တဲ့ ဂီတာဖေးက ဘဏ္ဍာရေး မတောင့်တင်းသလို ငွေကြေး များများစားစား သုံးစွဲနိုင်ခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို အံ့အားသင့်ဖွယ် ရအောင် ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်တာကြောင့် ဂီတာဖေးရဲ့ ပရိသတ်တွေက ဂရင်းဝုဒ် တယောက် သူတို့အသင်းဆီ ရောက်လာတာကို အံ့ဩပျော်ရွှင်နေကြသလို ဂရင်းဝုဒ်ရဲ့ နာမည်နဲ့ ကျောနံပါတ် ပါတဲ့ ဝတ်စုံတွေကိုလည်း အားပါးတရ ဝယ်ယူကာ ဂရင်းဝုဒ်ကို အားပေးနေကြပါတယ်။

လက်ရှိမှာတော့ ဂရင်းဝုဒ်ရဲ့ ဂျာစီက ဂီတာဖေးရဲ့ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး ဂျာစီ အဖြစ် မှတ်တမ်းဝင်နေပြီး ဂရင်းဝုဒ်ကလည်း သူဟာ ကွင်းတွင်း ၊ ကွင်းပြင် နှစ်ခုစလုံးမှာ ဂီတာဖေးကို ကူညီနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်လို့ ကတိပေးထားပါတယ်။

Photo Credit: Mirror

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဂီတာဖေးနည်းပြချုပ် ဘော်ဒါလက်စ်က ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ခဲ့တဲ့ လျို့ဝှက်ချက်ကို ထုတ်ပြောလာခဲ့ပြီး သူတို့အသင်းဟာ ဘယ်လင်ဟမ်ရဲ့ အကူအညီကြောင့် ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ခဲ့တာပါလို့ ဆိုလာပါတယ်။

ဂီတာဖေးနည်းပြ ဘော်ဒါလက်စ်က – “မေဆန် ဂရင်းဝုဒ်က ဘယ်လင်ဟမ်နဲ့ သူငယ်ချင်းတွေပါ။ ဘယ်လင်ဟမ်ကပဲ သူ့ကို လာလီဂါပြိုင်ပွဲဆီ လာကစားဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ဂရင်းဝုဒ်ကို အလွယ်တကူ ခေါ်ယူနိုင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။