စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂီတာဖေး ၀-၂ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ဂီတာဖေး တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို မုဒိမ်းကောင်လို့ ဆဲဆိုခဲ့တာကြောင့် လာလီဂါအဖွဲ့ချုပ်ရဲ့ စစ်ဆေးမှုကို ခံရတော့မယ်လို့ စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဂီတာဖေးနဲ့ ရီးရဲလ်မက်ဒရစ်တို့က လာလီဂါ ပွဲစဉ်(၂၂) အဖြစ် ဂီတာဖေးရဲ့ အိမ်ကွင်းဖြစ်တဲ့ အက်စတာဒီယိုကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဂရင်းဝုဒ်က မာယိုရယ်နဲ့ တွဲဖက်ကာ ဂီတာဖေးရဲ့ တိုက်စစ်ကို ဦးဆောင်လာခဲ့သလို ဘယ်လင်ဟမ်ကလည်း ချူအာမီနီ ၊ မိုဒရစ်တို့နဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်မှာ ကစားခဲ့ပါတယ်။

Photo Credit: Football Espana

ဂရင်းဝုဒ်က ဂီတာဖေးရဲ့ ညာခြမ်းတိုက်စစ်ကို ဦးဆောင် ကစားရချိန်မှာ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်ဘက်ခြမ်း ကွင်းလယ်ကို တာဝန်ယူထားရသူ ဖြစ်တာကြောင့် သူတို့နှစ်ဦးက ပွဲချိန်အတွင်းမှာ မကြာခဏ ထိပ်တိုက် ရင်ဆိုင်ရလေ့ ရှိပြီး ဂရင်းဝုဒ်က ဘယ်လင်ဟမ်ကို အရူးလုပ်နိုင်တဲ့ အချိန်တွေ ရှိသလို ဘယ်လင်ဟမ်က ဂရင်းဝုဒ်ရဲ့ ခြေထောက်ထဲ ကနေ ဘောလုံးလုနိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။

နှစ်ဦးစလုံးက အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်တာကြောင့် ဂရင်းဝုဒ်နဲ့ ဘယ်လင်ဟမ်တို့က တဦးပေါ် တဦး အသာစီး ရယူနိုင်ဖို့ ကြိုးစား ကစားခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်က ဂီတာဖေးကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင် ကစားနေချိန်မှာ ဘယ်လင်ဟမ်က ဂရင်းဝုဒ်ရဲ့ ခြေထောက်ထဲက ဘောလုံးကို ဖျက်ထုတ်ရင်း ဂရင်းဝုဒ်ကို “Rapist” (မုဒိမ်းကောင်) လို့ ဆဲဆိုခဲ့ပါတယ်။

Photo Credit: The Sun

ဂရင်းဝုဒ်နဲ့ ကွင်းလယ်ဒိုင်တို့က ဘယ်လင်ဟမ်ရဲ့ ဆဲဆိုမှုကို မကြားခဲ့ကြပေမယ့် ရုပ်သံအနှေးပြကွက်တွေအရ ဘယ်လင်ဟမ်ဟာ ဂရင်းဝုဒ်ကို မုဒိမ်းကောင်လို့ ဆဲဆိုခဲ့တာ သေချာနေတာကြောင့် ဂီတာဖေးက ပွဲပြီးပြီးချင်းမှာပဲ ဘယ်လင်ဟမ်ရဲ့ ရုပ်သံဗွီဒီယိုကို လာလီဂါ ဘောလုံးအဖွဲ့ချုပ်ဆီ တင်ပြကာ ဘယ်လင်ဟမ်ကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂရင်းဝုဒ်က အတူနေချစ်သူ ရော့ဘ်ဆန်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်မိခဲ့တာကြောင့် ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး တရားရုံးက သက်သေမလုံလောက်မှုကြောင့် သူ့ကို အမှုကနေ ကွင်းလွတ်ကျွတ် လွှတ်ပေးခဲ့ပေမယ့် အင်္ဂလန်နိုင်ငံသားတွေကတော့ ဂရင်းဝုဒ်ကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူ အဖြစ် ထင်မြင်နေကြဆဲပါပဲ။