ဘာမင်ဂမ်စီးတီး ဘောလုံးအသင်းမှာ အသက်အရွှယ်လေးနဲ့မလိုက်အောင် အရမ်းကိုတောက်ပလွန်းနေခဲ့တဲ့ ဆယ်ကျော်သက်လူငယ်ကစားသမားလေး ဂျူ့ဘယ်လင်ဟမ်ကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူကြဖို့ အပြိုင်ကြိုးပမ်းခဲ့ကြပေမယ့် အသင်းတွေအားလုံးထက် ဒေါ့မွန်အသင်းကနေ လက်ဦးမှုရရှိသွားခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့သလို ဘယ်လင်ဟမ်ကို အသင်းကို ရောက်ရှိလာကြောင်းကိုလည်း ရယ်စရာကောင်းတဲ့ ဗီဒီယိုအတိုလေးတစ်ခုနဲ့ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sportbuzzer

အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားလေး ဘယ်လင်ဟမ်ဟာ ဘာမင်ဂမ်စီနီယာအသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရခဲ့တဲ့နှစ်မှာပဲ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့လို့ သူ့ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဒေါ့မွန်တို့ကနေ အပြိုင်ကမ်းလှမ်းခဲ့ကြပြီး ကနဦးပိုင်းမှာ ဘယ်လင်ဟမ်ဟာ ယူနိုက်တက်ရောက်ဖို့ နီးစပ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ လူငယ်ကစားသမားတွေအတွက် နေရာကောင်းတစ်ခုဖြစ်တဲ့ ဒေါ့မွန်ကိုပဲ ပြောင်းရွှေ့ကစားဖို့ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Spirit FM

အခုလို ဘယ်လင်ဟမ်ကို အရခေါ်ယူနိုင်ခဲ့ကြောင်းကို ဒေါ့မွန်က သူတို့အသင်းရဲ့ တွစ်တာပေါ်ကနေ ဗီဒီယိုဖိုင်တစ်ခုနဲ့ ထုတ်ပြန်ကြေညာသွားခဲ့ပြီး ဗီဒီယိုထဲမှာတော့ ဒေါ့မွန်အသင်းသားတွေက ဘယ်လင်ဟမ်ရဲ့နာမည်ကို သီချင်းညည်းသလို ရေရွှတ်နေခဲ့ပြီး ဗီဒီယိုအဆုံးမှာ ဒေါ့မွန်ဝတ်စုံကို ဆင်မြန်းထားတဲ့ ဘယ်လင်ဟမ်က နှုတ်ဆက်စကားပြောဆိုထားတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အခုလို ဒေါ့မွန်အသင်းကို ရွေးချယ်ခဲ့ရခြင်းဟာ အသင်းရဲ့လူငယ်ကစားသမားတွေအပေါ်မှာ ပြုစုပျိုးထောင်မှုကောင်းတဲ့ စနစ်တစ်ခုကြောင့် ဖြစ်တယ်လို့လည်း ဘယ်လင်ဟမ်က ရှင်းပြသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်လိုက်တာကြောင့် အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေရတဲ့ ကြယ်ပွင့်ကစားသမားကို ဂျေဒန်ဆန်ချိုကို ရောင်းချနိုင်ခြေ ပိုမိုမြင့်မားလာကာ ယူနိုက်တက်အသင်းဆီကို ရောင်းချဖွယ်ရှိနေပါတယ်။ ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းသွားဖို့ ဆန္ဒရှိနေပြီး အသင်းနဲ့လည်း သဘောတူညီမှု ရယူထားနိုင်ခဲ့ပေမယ့် ဒေါ့မွန်ဘက်ကနေ ဆန်ချိုအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက အလွန်မြင့်မားလွန်းနေတာကြောင့် ခေါ်ယူနိုင်ဖို့အရေးက ကြန့်ကြာနေခဲ့ရပါတယ်။