ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ဂျုဒ့် ဘယ်လင်ဟမ်က ခြေချင်းဝတ် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာတောင် ဂီတာဖေး တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို စော်ကား ပြောဆိုထားမှုကြောင့် (၄)ပွဲပယ် ပြစ်ဒဏ်နဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပြန်ပါတယ်။

အင်္ဂလန်ကြယ်ပွင့် ကွင်းလယ်တိုက်စစ် ကစားသမား ဘယ်လင်ဟမ်က ဒီရာသီမှ လာလီဂါကို ရောက်ရှိလာခဲ့ပေမယ့် အားလုံး မျှော်လင့်ထားတာထက် ခြေစွမ်း ပိုမိုပြသထားနိုင်ခဲ့ပြီး အခုဆိုရင်လည်း သွင်းဂိုး (၁၆)ဂိုးနဲ့ လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်နေရပါတယ်။

Photo Credit : Marca

ဘယ်လင်ဟမ်လိုပဲ နောက်ထပ် အင်္ဂလန် ကစားသမားတစ်ဦးဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်ဟာလည်း ဒီရာသီမှ လာလီဂါပြိုင်ပွဲဆီ စတင် ရောက်ရှိလာပြီး ဂီတာဖေးအသင်းအတွက် အတော်လေးကို ခြေစွမ်းပြထားနိုင်လို့ အခုဆိုရင် ဂီတာဖေးရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

ဒီကစားသမားနှစ်ဦးက ရီးယဲလ်မက်ဒရစ် နဲ့ ဂီတာဖေးအသင်းတို့ရဲ့ လာလီဂါပွဲစဉ်မှာ ရင်ဆိုင် ထိပ်တိုက် ဆုံတွေ့ခဲ့ရင်းနဲ့ ဘယ်လင်ဟမ်က ဂရင်းဝုဒ်ကို မုဒိန်းကောင်ဆိုတဲ့ ရင့်ရင့်သီးသီး စကားလုံး အသုံးအနှုန်းကို သုံးစွဲ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီဖြစ်ရပ်ကို လာလီဂါ အဖွဲ့ချုပ်ကနေ အသေအချာ စစ်ဆေးလျက် ရှိနေပြီး တကယ်လို့ ဘယ်လင်ဟမ်က ဂရင်းဝုဒ်ကို မုဒိန်းကောင်လို့ အမှန်တကယ် စော်ကား ပြောဆိုခဲ့မယ်ဆိုရင် ဘယ်လင်ဟမ်အနေနဲ့ (၄)ပွဲပယ် ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဘယ်လင်ဟမ်ဟာ ဂျီရိုနာအသင်းနဲ့ ပွဲစဉ်အတွင်း ရီးယဲလ်အသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူခဲ့ပြီးတဲ့နောက် ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့လို့ လာမယ့် မတ်လအစောပိုင်းလောက်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။