ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒေါ့မွန် ၂-၃ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ပြိုင်ဘက် ဘိုင်ယန်မြူးနစ် အသင်းကို ဒိုင်ကူခဲ့တယ်လို့ ပွဲအပြီးမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်သွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ယခုနှစ် ဘွန်ဒက်လီဂါ ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့သလို သွင်းဂိုး အမြောက်အမြားကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Bild

ဒါပေမယ့် အဆိုပါပွဲမှာ ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ဖီးလစ် ဇွာရာရဲ့ ဆုံးဖြတ်ချက် တချို့ဟာ ဘိုင်ယန်မြူးနစ် အသင်းကို အသာစီး ရရှိစေခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ခဲ့သလို ဒေါ့မွန်အသင်းက ရရှိသင့်တဲ့ ပင်နယ်တီကို လျစ်လျူရှုခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း အတော်လေးကို မေးခွန်းထုတ်စရာ ကောင်းခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒေါ့မွန် ၂-၃ ဘိုင်ယန်မြူးနစ် ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင် ဖီးလစ်နဲ့ ဒေါ့မွန် အသင်းခေါင်းဆောင် မာကိုရူးစ်အပေါ် ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ ဟာနန်ဒက်က သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက ရရှိသင့်တဲ့ ပင်နယ်တီကို လျစ်လျူရှုခဲ့တဲ့ VARအသင်းတွေကို ဝေဖန်သူတွေ အလျိုအလျို ထွက်ပေါ်လာခဲ့ပြီး အဆိုပါပွဲမှာ ဒေါ့မွန်အသင်းက ရရှိခဲ့တဲ့ သွင်းဂိုး ၂ဂိုးစလုံးကို ဖန်တီးပေးခဲ့တဲ့ ဒေါ့မွန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ် ကတော့ ကွင်းလယ်ဒိုင် ဖီးလစ်က ဘိုင်ယန်မြူးနစ် အသင်းကို အနိုင်ရရှိအောင် ကူညီခဲ့ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Bild

ဘယ်လင်ဟမ်က – “ကျွန်တော့်အတွက် ကျွန်တော်တို့ ပေးလိုက်ရတဲ့ ပင်နယ်တီက လုံးဝကို မပေးသင့်တဲ့ ပင်နယ်တီ တခုပါ။ ဟမ်းမဲလ်က ဘောလုံးရဲ့ လမ်းကြောင်းကို မမြင်ခဲ့ပါဘူး။ သူက ဘောလုံးကို ရှင်းထုတ်ဖို့ပဲ ကြိုးစားခဲ့တာပါ။ ပြီးတော့ ဘောလုံးက သူ့ကို လာထိပါတယ်။ ကျွန်တော်ကတော့ သူက ဘောလုံးကို မြင်ခဲ့တယ် လို့ မထင်ပါဘူး။ ပြီးတော့ ခင်ဗျားတို့တွေ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှားတွေကိုလည်း ဒီပွဲမှာ အများကြီး မြင်တွေ့ရမှာပါ။ ဘောလုံးအဖွဲ့ချုပ်က လုပ်ပွဲ လုပ်ဖူးတဲ့ ကွင်းလယ်ဒိုင် တယောက်ကို ဂျာမဏီရဲ့ အကြီးကျယ်ဆုံး ပွဲကောင်းတပွဲမှာ ကြီးကြပ်ခွင့် ပေးခဲ့ပါတယ်။ ဒါကြောင့် ဆက်ပြောဖို့ မလိုတော့ဘူးလို့ပဲ ထင်ပါတယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။