ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဘက်ဆစ်တပ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် တဂိုးသွင်းယူကာ တဂိုးဖန်တီးပေးခဲ့ပြီး ထူးရှယ် ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ဥရောပရဲ့ ထွန်းတောက်လာမယ့် လူငယ်ကြယ်ပွင့် ကစားသမားတွေထဲက တဦး ဖြစ်ပြီး အသက် ၁၆နှစ်အရွယ်ထဲက ဘာမင်ဂမ်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: The Times

ဘယ်လင်ဟမ်ဟာ ဘက်ဆစ်တပ်အသင်းနဲ့ ပွဲစဉ်မှာ ဒေါ့မွန်အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၂ပွဲဆက်တိုက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်သလို ဘက်ဆစ်တပ်အသင်းနဲ့ ပွဲစဉ်ကို ဝင်ရောက် ကစားစဉ်မှာ အသက် ၁၈နှစ်နဲ့ ၇၈ရက်သာ ရှိသေးတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက်တိုက် သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေ တင်ထားတဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက် နိုင်ခဲ့ပါတယ်။

အမ်ဘာပေဟာ အဆိုပါ စံချိန်မှတ်တမ်းကို တင်နိုင်ခဲ့စဉ်က အသက် ၁၈နှစ်နဲ့ ၈၅ရက် ရှိနေပြီ ဖြစ်တာကြောင့် ဘယ်လင်ဟမ်ဟာ အမ်ဘာပေထက် ၇ရက် လျော့ပြီး စံချိန်သစ် တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘက်ဆစ်တပ်အသင်းနဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဒေါ့မွန်အသင်းနည်းပြ ရို့စ်က ဘယ်လင်ဟမ်ဟာ တမူထူးခြားတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: The Times

 

ဘယ်လင်ဟမ်ရဲ့ ထူးရှယ်ခြေစွမ်းနဲ့ ပတ်သတ်ပြီး ရို့စ်က – “ဂျူ့ဒ်(ဘယ်လင်ဟမ်)က အရမ်းတော်တဲ့ ကစားသမား တဦးပါ။ သူ့ရဲ့ စိတ်ဓာတ် ၊ အသင်းနဲ့အတူ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်တာတွေ ၊ ဘောလုံးနဲ့ ပတ်သတ်ပြီး ရူးသွပ်တာတွေ ၊ အနိုင်ရလိုစိတ်တွေနဲ့ ကွင်းထဲမှာ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ သိရှိမှုတွေက အရမ်းကို ထူးခြားလွန်းပါတယ်။ ဒုတိယသွင်းဂိုးကို သူ ဖန်တီးပေးလိုက်ပုံနဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ပုံစံကို ကြည့်ရုံနဲ့ သူက တမူထူးခြားတဲ့ ကစားသမား ဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က သူ့လို ကစားသမားမျိုး ပိုင်ဆိုင်ခွင့်ရတဲ့ အတွက် ပျော်ရွှင်နေရတာပါ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။