ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ကနေ စပိန်လာလီဂါ နာမည်ကြီးကလပ် ရီးရဲလ် ဘက်တစ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့တဲ့ စပိန်ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်က သူဟာ လာမယ့် ဘောလုံးရာသီမှာ အာဆင်နယ်နဲ့အတူ ဆက်မရှိချင်ပဲ ဘက်တစ်ဆီသာ ပြန်ပြောင်းချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်လက်ရွေးစင် ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမားကောင်း တဦး ဖြစ်ပြီး အာဆင်နယ်မှာ ဆယ်စုနှစ် တစုနီးပါး ကစားခဲ့သူပါ။

Photo Credit: Standard

ဟက်တာ ဘယ်လာရင်က လူငယ်ကြယ်ပွင့် တဦးအနေနဲ့ အာဆင်နယ် အတွက် စတင် ကစားခွင့် ရခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ လျင်မြန်မှု ၊ တိကျတဲ့ ဘောလုံးပေးပို့မှု စွမ်းရည်တွေကြောင့်ပဲ အသင်းရဲ့ မရှိမဖြစ် ညာနောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရကာ ပုံမှန် ပွဲထွက်ခွင့်တွေ ဆက်တိုက် ဆိုသလို ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လာရင်က သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်ကြောင့်ပဲ မကြာခဏ ဆိုသလို ဒဏ်ရာတွေနဲ့ ကြုံတွေ့ရတတ်ပြီး အာဆင်နယ်နည်းပြ အာတီတာကလည်း ဘယ်လာရင်ကို ဒဏ်ရာပြဿနာတွေကြောင့် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ပေးဖို့ ငြင်းဆန်ခဲ့ကာ ဘက်တစ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားဖို့ စေလွှတ်ခဲ့ပါတယ်။

Photo Credit: Standard

မွေးရပ်မြေ ဖြစ်တဲ့ စပိန်မြေဆီ ပြန်လည် ရောက်ရှိခဲ့သလို ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ဘက်တစ်အတွက် ကစားပေးရချိန်မှာတော့ ဘယ်လာရင်က သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ထုတ်ပြနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘက်တစ်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဘက်တစ်နဲ့အတူ စပိန် ကိုပါဒယ်ရေးဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘက်တစ်နဲ့ အငှားစာချုပ် ကုန်ဆုံးကာ အာဆင်နယ်ဆီ ပြန်ရမယ့် အချိန်မှာတော့ ဘယ်လာရင်က သူဟာ ဘက်တစ် ကစားသမား တဦးအနေနဲ့သာ ဆက်လက် ရှိနေချင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။ ဘယ်လာရင်က – “ကျွန်တော်က အာဆင်နယ်နဲ့ ဘက်တစ် ၊ ဘယ်အသင်းမှာ ဆက်ပြီး ကစားချင်လဲ ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်က ဘက်တစ်မှာပဲ ကစားချင်ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အကောင်းဆုံး ကြိုးစားဖို့ အချိန် ၂လ ရထားပါတယ်။ ကျွန်တော်က ဘက်တစ်ဆီ လာကစားခွင့် ရဖို့ အတော်လေး ကြိုးစားခဲ့ရသလို ဘက်တစ်မှာ ဆက်ရှိခွင့် ရအောင်လည်း အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။