အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ စပိန်ညာနောက်ခံလူ ဘယ်လာရင်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ပြောင်းရွှေ့ခွင့်ပြုဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရပေမယ့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားပါ။

Photo Credit: Standard

လက်ရှိမှာတော့ ဘယ်လာရင်ကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းက စိတ်ဝင်စားနေပြီး အင်တာမီလန်အသင်းဟာ ဘယ်လာရင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ထားပါတယ်။

အာဆင်နယ်အသင်းကလည်း ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေရဲ့ ဖော်ပြချက်အရ ဘယ်လာရင်ဟာ ယခုနှစ် နွေဈေးကွက်မှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကတော့ ဘယ်လာရင်ဟာ အင်တာမီလန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ အာဆင်နယ်အသင်းထံ တရားဝင် တောင်းဆိုခဲ့ကာ အာဆင်နယ်အသင်းကလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရင် အသင်းကနေ ထွက်ခွာခွင့် ပေးမယ်လို့ ဘယ်လာရင်အား အကြောင်းပြန်ခဲ့ကြောင်း ယနေ့ မနက်ပိုင်းမှာ ဖော်ပြလာပါတယ်။

အင်တာမီလန်အသင်းဟာ မော်ရိုကို ညာနောက်ခံလူ ဟာခီမီကို ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ရောင်းထုတ်ထားတာကြောင့် ဟာခီမီရဲ့နေရာ အတွက် ဘယ်လာရင်ကို အစားထိုးဖို့ စီစဉ်နေကာ ဘယ်လာရင်အတွက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းတန် ကမ်းလှမ်းမှု တခုကို မကြာခင်မှာပဲ စတင် ပြုလုပ်ဖွယ် ရှိပါတယ်။