ဘယ်လ်ဂျီယံလက်ရွေးစင် နည်းပြ မာတီနက်စ်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အကောင်းဆုံး အသင်း ဖြစ်ပြီး၊ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရှိုင်းက အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီဘရှိုင်းဟာ လွန်ခဲ့တဲ့ (၂၀၁၃-၁၄) ခုနှစ်က ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဝုဖ်ဘတ်အသင်းကို ရောင်းချခံခဲ့ရပြီး ဝုဖ်ဘတ်အသင်းအတွက် (၃) နှစ်ကြာ ကစားပြီးတဲ့နောက် မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီး ကွင်းလယ်လူ ဒီဘရှိုင်းဟာ မန်စီးတီးအသင်းနဲ့ ဆုဖလားတွေ များစွာ ရရှိနိုင်ခဲ့ပြီးပြီ ဖြစ်ပြီး နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကလည်း ပြီးခဲ့တဲ့ ရာသီကနေ စပြီး လက်ရှိ ရာသီအထိ အသင်းလိုက် ရလဒ်ကောင်းတွေကို ဆက်လက် ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်မှာ ချန်ပီယံလိဂ် ဆုဖလား ရရှိခဲ့ပြီး လက်ရှိရာသီမှာ နှစ် (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာကြောင့် ဘယ်လ်ဂျီယံ နည်းပြ မာတီနက်စ်က ဒီဘရှိုင်းက အကောင်းဆုံး ကစားသမား နဲ့ လီဗာပူးလ်အသင်းက အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဘယ်လ်ဂျီယံ နည်းပြ မာတီနက်စ်က “ကျွန်တော် ဒီဘရှိုင်းရဲ့ ပွဲစဉ်တွေ အားလုံး ကြည့်ခဲ့တယ်။ ပြီးခဲ့တဲ့ ရက်က ကျွန်တော် မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်ကို ကြည့်ခဲ့တော့ ကျွန်တော့်အတွက် အရမ်းကို ရှင်းသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာတော့ အကောင်းဆုံး အသင်း ဖြစ်ပြီး ချန်ပီယံအသင်း ဖြစ်ဖို့ ထိုက်တန်ပါတယ်။ နောက်ပြီး ဒီဘရှိုင်းကို လက်ရှိရာသီမှာ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောရတာကလည်း လွယ်လွန်းပါတယ်။ ဒီဘရှိုင်းက ပွဲစဉ်ကို ပြောင်းလဲနိုင်ပြီး ဘယ်သူကမှ မလုပ်နိုင်တဲ့ ပေးပို့မှုကို ပြုလုပ်နိုင်တဲ့သူပါ။ သူက နေရာအမျိုးမျိုးမှာ ကစားနိုင်တဲ့ ကစားသမား ဖြစ်ပြီး လိုအပ်ချက် မျိုးစုံအတွက်လည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ အဲဒီပွဲစဉ်မှာ ချန်ပီယံ ဖြစ်ဖို့ ထိုက်တန်တဲ့ အသင်းကိုလည်း မြင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။