ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဘီကာက သူ့ရဲ့ ရည်းစားဖြစ်သူနဲ့ ပြတ်စဲသွားတာကြောင့် နိုက်စ်မြို့ရဲ့ နာမည်ကျော် တံတား တစင်း ဖြစ်တဲ့ မက်နန် ဗီယာဒပ်အပေါ် တက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် ယူ-၂၃အသင်းရဲ့ လက်ရွေးစင် ကစားသမား ဘီကာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုကို မော်စကို ကနေ နိုက်စ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက နိုက်စ်အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Marca

ဘီကာက ခြေရည်ခြေသွေး ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ဒီရာသီမှာ နိုက်စ်အတွက် တမိနစ်တောင် ကစားခွင့် မရသေးသလို ပြင်ပလူနေမှုဘဝမှာလည်း ရည်းစားဖြစ်သူက သူ့ကို ဖြတ်သွားတာကြောင့် စိတ်ဓာတ်ကျကာ နိုက်စ်မြို့ကို ပတ်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာ ရှိတဲ့ မက်နန် ဗီယာဒပ်တံတားဆီ သွားကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်သစ် ဒေသတွင်း သတင်းရင်းမြစ် တခု ဖြစ်တဲ့ France Bleu Azurရဲ့ ဖော်ပြချက်အရ နိုက်စ်ရဲ့ ကစားသမား တဦးဟာ ပေ ၃၀၀ကျော် မြင့်တဲ့ မက်နန် ဗီယာဒပ်တံတားပေါ် တက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် ဒေသတွင်း ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့က သူ့ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Observator

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ RMC Sportsကလည်း နိုက်စ်ရဲ့ ကစားသမား တဦးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားသလို အဆိုပါ အမှုအခင်း ဖြစ်နေချိန်မှာ နိုက်စ်ရဲ့ ကစားသမား အများစုက ဘီကာရဲ့ ရည်းစားဖြစ်သူဆီ ဖုန်းဆက်ကာ အခင်းဖြစ်ရာ နေရာသို့ လာဖို့ ဖုန်းဆက်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ ကစားသမားဟာ ဘီကာ ဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

နိုက်စ်ကတော့ သူတို့ရဲ့ ကစားသမား အတွက် စိတ်ကျန်းမာရေး ဆရာဝန် တဦး ငှားရမ်းပေးကာ ခံစားနေရတဲ့ စိတ်ဝေဒနာ ပျောက်ကင်းသည် အထိ ကုသပေးဖို့ စီစဉ်ထားကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားပါတယ်။