ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား ဖရက်ဒရစ်ကို ဗယ်လ်ဗာဒီက ရီးယဲလ်ရဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့က သူ့ရဲ့ စိတ်ကူး အိမ်မက်တစ်ခုပဲလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။
တိုနီ ကရူးစ် ၊ လူကာ မိုဒရစ်တို့လို ဝါရင့် ကွင်းလယ် ကစားသမားတွေနောက်ပိုင်း သူတို့နေရာကို အစားဝင်လာကြမယ့် ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဗယ်လ်ဗာဒီဟာ အခုဆိုရင်လည်း ရီးယဲလ်အတွက် အရေးပါတဲ့ player တစ်ဦး ဖြစ်လို့နေပါတယ်။
Photo Credit : The Analyst
မိုဒရစ် ကရူးစ်တို့ ရီးယဲလ်ကနေ ထွက်ခွာသွားချိန် ဒါမှမဟုတ် အနားယူသွားချိန်မှာ ဒီကစားသမားကြီးတွေ နေရာကို ဗယ်လ်ဗာဒီ ကာမာဗင်ဂါ ချူအာမန်နီနဲ့ ဘယ်လင်ဟမ်တို့က အစားထိုးကြမှာဖြစ်ပြီး အသင်းရဲ့ အနာဂတ်အတွက် အသင်းခေါင်းဆောင်တွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒီလို အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သက်ပြီး ဗယ်လ်ဗာဒီက “တစ်နေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာဖို့က ကျွန်တော်ရဲ့ အိမ်မက်တစ်ခုပါပဲ။ နောက်ပြီး ဥရုဂွေးမှာလည်း အသင်းခေါင်းဆောင် ဖြစ်လာချင်မိပါသေးတယ်။ အဲ့ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ အရမ်းကို ရူးသွပ်စွာနဲ့ ပျော်မိမှာပဲ။”
Photo Credit : Managing Madrid
“ရီးယဲလ်မှာဆိုရင်တော့ ကျွန်တော်က မိုဒရစ်တို့ ကရူးစ်တို့ ကာဗာဂျယ်တို့ဆီကနေ လေ့လာသင်ကြားဖို့ အမြဲ ကြိုးစားတယ်။ သူတို့က ကျွန်တော်တို့တွေရဲ့ အသင်းခေါင်းဆောင်တွေဆိုတော့လေ။ ကျွန်တော်က သူတို့ကို ကြည့်ရှုပြီး လေ့လာနေရတာ။”
“ရီးယဲလ်မက်ဒရစ်အသင်းမှာ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ဆိုတာကလည်း ကျွန်တော့်အတွက် အိမ်မက်ကြီးတစ်ခုပါပဲ။” လ်ို့ ပြောဆိုသွားခဲ့ပါတယ်။ အသက် (၂၅)နှစ်အရွယ် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ ၂၀၁၇-၁၈ ဘောလုံးရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ကာ အခုဆိုရင် ဘောလုံးရာသီ (၅)ရာသီကကျော်အတွင်း ပွဲပေါင်း (၂၁၃)ပွဲအထိတောင် ကစားပေးနိုင်ခဲ့ပါတယ်။