ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဘီဂီရီစတိန်းကတော့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ဂျာမန် နာမည်ကြီးကလပ် လိုက်ပ်ဇစ်နဲ့ တွေ့ဆုံခဲ့တဲ့ အပေါ် လိုက်ပ်ဇစ်ဟာ သူတို့အသင်းအတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဒေါ့မွန် ၊ ဆီဗီးလား ၊ ကိုပင်ဟေဂင်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုပွဲ ၆ပွဲမှာ ၄ပွဲနိုင် ၊ ၂ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်းကို ရယူနိုင်ခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Bild

တဖက်မှာတော့ လိုက်ပ်ဇစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရီးရဲလ်မက်ဒရစ် ၊ ရှက်တာဒိုးနက် ၊ ဆဲလ်တစ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုပွဲ ၆ပွဲမှာ ၄ပွဲနိုင် ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရခဲ့ပြီး အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ဆီ တက်လာတာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် မဲခွဲပွဲ အပြီးမှာ မန်ချက်စတာ စီးတီးက လိုက်ပ်ဇစ်နဲ့ တွေ့ဆုံနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက မန်ချက်စတာ စီးတီးဟာ အလွယ်တကူပဲ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးထားကြပေမယ့် မန်ချက်စတာ စီးတီးရဲ့ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းကတော့ လိုက်ပ်ဇစ်ဟာ လျှော့တွက်လို့ မရတဲ့ အသင်းတသင်း ဖြစ်သလို ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Bild

ဘီဂီရီစတိန်းက – “လိုက်ပ်ဇစ်က ဒီပြိုင်ပွဲနဲ့ စိမ်းတဲ့ အသင်းတသင်း မဟုတ်ပါဘူး။ သူတို့အသင်းက မယုံကြည်နိုင်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ဆက်တိုက် ဝင်ကစားနိုင်နေသလို တိုးတက်နေတဲ့ အသင်းပါ။ သူတို့မှာ တကယ်ကို ကောင်းတဲ့ အားကစား စီမံကိန်း တခုလည်း ရှိနေပါတယ်။ သူတို့က ဂျာမန်စတိုင်နဲ့ ဘောလုံး ကစားတတ်ပါတယ်။ တချိန်လုံး တိုက်စစ်ဆင်နေတတ်ပြီး ပြိုင်ဘက်ဂိုးနဲ့ သူတို့ဂိုးကို အချိန်ပြည့် ပြေးလွှားနေတတ်တာပါ။ ကျွန်တော်တို့က အဲ့ဒီလို ကစားပုံမျိုးကို မကြိုက်ပါဘူး။ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်ပြီး ကစားရတာ ကြိုက်တဲ့ အသင်းပါ။ ဒါကြောင့် လိုက်ပ်ဇစ်နဲ့ပွဲက ကျွန်တော်တို့ အတွက် ခက်ခဲမယ့် ပွဲတပွဲပါ။ အထူးသဖြင့် သူတို့ရဲ့ ဂျာမန်စတိုင် ကစားပုံမျိုးက ကျွန်တော်တို့အသင်းကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီမှာ သူတို့နဲ့ ကစားခဲ့ဖူးသလို အဲ့ဒီပွဲတွေမှာ ရလဒ်ပိုင်းက ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ်နဲ့ ကစားရမယ့် ပွဲတွေက ပရိသတ်တွေ ကြိုက်ကြမယ့်ပွဲမျိုးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။