MySport Myanmar

PSG နဲ့ စာချုပ်သစ်ကိစ္စကို ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ စဉ်းစားသွားမယ့် မက်ဆီ

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီကို စာချုပ်သစ်ချုပ်ဆိုသွားဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့ နာမည်ကျော် စပိန်သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပေမယ့် မက်ဆီကိုယ်တိုင်ကတော့ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲပြီးမှသာ သူရဲ့စာချုပ်ကိစ္စအကြောင်းကို စဉ်းစားသွားချင်တယ်လို့ သိရပါတယ်။

Photo Credit : ESPN

GOAT ကြီး မက်ဆီဟာ ပြီးခဲ့တဲ့နွေကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် လက်ရှိမှာ မက်ဆီရဲ့ စာချုပ်သက်တမ်းက (၁၂)လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ရင် လာမယ့် ၂၀၂၃ခုနှစ် နွေဈေးကွက်မှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်နိုင်ပြီး သူ့အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားဖွယ် ရှိနေသလို သူ့ကို ခေါ်ယူချင်နေတဲ့ မေဂျာလိဂ် ကလပ်အသင်းတွေထဲက ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီကိုလည်း ပြောင်းရွှေ့နိုင်တယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit : Twitter

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၂ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ၂၀၀၅ခုနှစ်မှ ဘာစီလိုနာ စီနီယာ ကစားသမားဘဝကို စတင်ခွင့်ရခဲ့သလို အဲ့ဒီကနေ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီထိ ဘာစီလိုနာ တစ်သင်းတည်းမှာပဲ ကျင်လည်နေခဲ့ရာကနေ ၂၀၂၁ခုနှစ် နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ထပ်မတိုးနိုင်တော့လို့ ပီအက်စ်ဂျီအသင်းဆီ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပါတယ်။ မက်ဆီက သူရဲ့ လီဂူးကစားသမားဘဝ ပထမဆုံးရာသီမှာ လီဂူးသွင်းဂိုး (၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန်ခဲ့ရပေမယ့် ဂိုးဖန်တီးမှုမှာတော့ (၁၅)ဂိုးအထိ ပြုလုပ်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်(၁၆)သင်းအဆင့်ထိ (၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာ မက်ဆီက အသင်းအတွက် ပထမ တာထွက်ရာသီထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ ပြသလာဖို့ ရှိနေသလို ပီအက်စ်ဂျီဘက်ကလည်း မက်ဆီရဲ့ ခြေစွမ်းတွေအပေါ် လုံးဝသံသယ ရှိမနေတဲ့အပြင် မက်ဆီကိုပါ အသင်းမှာ ၂၀၂၄ခုနှစ်အထိ ဆက်လက် ထားရှိဖို့ပါ ဆန္ဒရှိနေခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီအတွက်ကတော့ လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကိုသာ ပိုမိုအာရုံရောက်နေတာဖြစ်လို့ ဒီပြိုင်ပွဲကြီး ပြီးဆုံးသွားပြီးမှသာ ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကိစ္စကို စဉ်းစားသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Exit mobile version