နာမည်ကြီး ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းကတော့ သူတို့အသင်းရဲ့ ပထမဆုံးသော မေဂျာလိဂ်ဘောလုံးရာသီမှာပဲ ရလဒ်တွေက အတော်လေးကို ဆိုးရွှားထားခဲ့ရပြီး ရမှတ်တစ်မှတ်လေးတောင် မရယူနိုင်သေးသလို ကစားခဲ့ရတဲ့ မေဂျာလိဂ်(၅)ပွဲလုံးကိုလည်း အရေးနိမ့်ထားခဲ့လို့ မေဂျာလိဂ်သမိုင်းတလျှောက် အဆိုးရွှားတာထွက်မှုအဖြစ်နဲ့ပါ သတ်မှတ်ခံလိုက်ရပါတယ်။

Photo Credit : The Sun

အင်တာမိုင်ယာမီအသင်းဟာ ကိုရိုနာဗိုင်းရပ်မဖြစ်ပွားခင်တုန်းက မေဂျာလိဂ်ပွဲစဉ်(၂)ပွဲကို ဆင်နွဲခဲ့ရပြီး အဲ့ဒီပွဲစဉ်တွေအတွင်းမှာ လော့အိန်ဂျယ်လိဂ်အက်စ်စီနဲ့ ဒီစီယူနိုက်တက်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရကာ ရှံးပွဲတွေ့ခဲ့ရပါတယ်။ ကိုဗစ်အလွန် မေဂျာလိဂ်ပွဲတွေကို ပြန်လည်စတင်ချိန်မှာလည်း အင်တာမိုင်ယာမီအသင်းက အော်လန်ဒိုစီးတီး ဖီလာဒဲလ်ဖီးယားယူနီယံ နယူးယော့ခ်စီးတီးအသင်းတွေနဲ့ မေဂျာလိဂ်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရကာ အဲ့ဒီ(၃)ပွဲလုံးကို ဆက်တိုက်ရှံးနိမ့်ခဲ့ရပါတယ်။ ဘက်ခမ်းအသင်းကတော့ လက်ရှိမှာ အတော်လေးကို အခြေအနေဆိုးရွှားလို့နေပါတယ်။

Photo Credit : The Sun

အရေးနိမ့်ခဲ့ရတဲ့ မေဂျာလိဂ်ပွဲ(၅)ပွဲမှာ မိုင်ယာမီအသင်းရဲ့တိုက်စစ်က (၃)ဂိုးပဲ ရယူနိုင်ခဲ့ပြီး ခံစစ်ကတော့ ပေးဂိုး(၈)ဂိုးအထိ ခွင့်ပြုထားခဲ့ရကာ အနီကတ်(၃)ကြိမ်ထိ ပြသခံထားရပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဘက်ခမ်းက “တစ်ခါတစ်လေတော့ ကျွန်တော်တို့သွားရမယ့် လမ်းတွေက ရှည်လျားလွန်းနေတာကြောင့် ခဏလောက်ရပ်နားပြီး အသက်လေးဝဝရှရပါမယ်။ မန်ချက်စတာယူနိုက်တက် ရီးရဲလ်မက်ဒရစ် ပရီးမီးယားလိဂ် စပိန်လာလီဂါတွေတောင် တစ်ရက်နဲ့ တည်ဆောက်ထားလို့ ဖြစ််လာခဲ့တာမှ မဟုတ်တာ။ အသင်းတွေ ကစားသမားတွေအားလုံးက ရှင်သန်နိုင်အောင်လုပ်ဖို့ အချိန်တော့ လိုအပ်ကြတယ်လေ။ အခုအချိန်ကလည်း အားလုံးအတွက် ခက်ခဲနေကြပါတယ်။ အားလုံးရဲ့ကြိုးစားမှုတွေ အရာထင်လာနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုမှာပါ။ ကျွန်တော်ကတော့ ကျွန်တော်အသင်းနဲ့ အသင်းသားတွေအတွက် ဂုဏ်ယူပါတယ်။ နောက်ပြီး ကျွန်တော်တို့ဆီမှာ အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သည်းခံခြင်းကနေ အောင်မြင်နိုင်မှာပါ” လို့ သူရဲ့အင်စတာဂရမ်ပေါ်ကနေ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ လက်ရှိအခြေအနေတွေကြောင့် မေဂျာလိဂ်ကို အုပ်စုတွေခွဲကာ ယှဉ်ပြိုင်ကစားနေပြီး မိုင်ယာမီက သူတို့အသင်းရဲ့အုပ်စုမှာ (၃)ပွဲကစားပြီး အောက်ဆုံးနေရာမှာပဲ ရှိနေရပါတယ်။